ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင်အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ ဒီကနေ့ညမှာ မော်လူးကျေးရွာမှာ ရပ်နားမှာဖြစ်ပြီး လမ်းလျှောက်သူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပေမယ့် ဆက်သွယ်ရေးမကောင်းတဲ့ ဒေသတွေရောက်ရှိနေတာကြောင့် သတင်းအချက်အလက်ပေးတဲ့နေရာမှာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကိုက RFA ကို ပြောပါတယ်။
"ဖုန်းလိုင်းတွေက မိလိုက်၊ ပျက်လိုက်ဆိုတော့ မီဒီယာနဲ့ အင်တာဗျူးတဲ့အခါတို့ သတင်းပေးတဲ့အခါတို့မှာ အခက်အခဲတွေဖြစ်နေတာပေါ့၊ ကျွန်တော်တို့ ဘယ်ရောက်နေလဲဆိုတာ ရန်ကုန်ကလူတွေ မသိကြဘူးဗျ၊ ဖုန်းတွေမမိတဲ့ အခါကျတော့ တော်တော်ကြီးကို အချိတ်အဆက်ပြတ်နေတယ်ဗျ"
မြင်းခြံကနေ လိုင်ဇာကို လမ်းလျှောက်ကြတဲ့ အဖွဲ့ကတော့ ရှမ်းပြည်နယ် ကျောက်မဲခရိုင်ကို ရောက်ရှိနေပြီး လိုင်ဇာကိုရောက်ရှိဖို့ မိုင်ပေါင်း တစ်ရာ့သုံးဆယ်ကျော် ခရီးဆက်လျှောက်ဖို့ ကျန်သေးတယ်လို့ မြင်းခြံလမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်က ပြောပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့အဖွဲ့နဲ့ မြင်းခြံမြို့ကနေ လိုင်ဇာကို လမ်းလျှောက်ကြတဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း နှစ်ဘက်ကနေ လျှောက်ကြတာဖြစ်ပါတယ်။