စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ် ကြားက ချင်းတွင်းမြစ် တလျှောက်မှာ တရား မဝင် ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေ များပြားလာ ပြီး မြေတွေ ပျက်စီးမှုတွေများတာကြောင့် ဒေသခံတွေ ရဲ့ တိုင်တန်းမှုနဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပါတယ်။
တရားမဝင် ရွှေလုပ်ကွက်တွေများလာတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိလာလို့ တိုင်းဒေသကြီး သတ္တု တွင်းဝန်ကြီးဌာနနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးဌာန တို့ပူးပေါင်းပြီး ဒီနေ့မှာ စတင် စစ်ဆေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က ပြောပါတယ်။
"သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုက အတော်ကြီးမားတယ်၊ ပထမသစ်ပင်၊ သစ်တော တွေခုတ်တဲ့ အခါကျတော့ ပြုန်းတီးတာပေါ့၊ နောက်တစ်ခုက ရွှေကရေနဲ့ တိုက်ရတဲ့ အခါကျတော့ ချောင်းရိုး၊ မြောင်း ရိုးတွေမှာ ပိတ်ဆို့ကုန်တာပေါ့၊ ရေလမ်းကြောင်းတွေ ပြောင်းကုန်တာပေါ့၊ မြေကြီးတွေကို တူးလိုက်တဲ့ အခါကျတော့မှ မြေကြီးတွေ ဟောက်ပက်ကြီးဖြစ်သွားတော့မှ သူတို့ပြန်မလုပ်တဲ့အခါကျတော့ နစ်နာ တာပေါ့၊ မြေတွေကပျက်ယွင်း သွားပြီး ချောက်တွေ၊ ကမ်းပါးတွေဖြစ်ကုန်တာပေါ့၊ နောက်အဲဒီ့ကနေ လှိုက်စားပြီးတော့မှ သဘာဝအရင်းအမြစ်ဖြစ်တဲ့ ချင်းတွင်းမြစ်တို့တွေကနှုတ်ခမ်းတွေ ပဲ့ကျ၊ အနားပိုင်းတွေအကုန်ပျက်ဆီးကုန်တာ"
တရားမဝင်ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေကို စစ်ဆေးတွေ့ရှိရင် လုပ်ငန်းသုံးပစ္စည်းတွေကို သိမ်းဆည်းမှာ ဖြစ်တဲ့အပြင် သတ္တုတွင်းဥပဒေအရ အရေးယူဆောင်ရွက် သွားဖို့ရှိတယ် လို့ ပြောပါတယ်။
ခန္တီးမြို့ခံ ၇၀ ကျော်က ဧပြီလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ သတ္တုတွင်း ဝန်ကြီးဌာနကို တရားမဝင်ရွှေ တူးဖော်တဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ လက်မှတ်ရေးထိုး တိုင်ကြားထားတာကြောင့် အခုလို စစ်ဆေးတာဖြစ် ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သတ္တုတွင်းဝန်ကြီးဌာနက ကုမ္ပဏီတွေကို တရားဝင်ချထားပေးတဲ့ ရွှေလုပ်ကွက်တွေ လည်းရှိပြီး အဲဒီလုပ်ကွက်တွေကိုပါ ဥပဒေနဲ့ အညီဆောင်ရွက်နေမှုရှိ၊ မရှိကို စစ်ဆေး သွားဖို့ရှိတယ်လို့ သိရပါတယ်။
