လယ်မြေသိမ်းမှု လယ်သမားတွေ ကန့်ကွက်စာပို့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပဲခင်းကျော် အုပ်စုအတွင်း သန်းဇော်ရွှေ ကုမ္မဏီက လယ်ယာမြေဧက ၆၀၀ ကျော် သိမ်းယူတာကို လယ်သမား ၁၀၀ ကျော်က လက်မှတ်ထိုးပြီး မနေ့က ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပဲခင်းကျော်အုပ်စု၊ မှတ်တော်ကန်ကွင်းမှာရှိတဲ့ လယ်ယာမြေတွေကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စတင်သိမ်းယူခဲ့ပြီး အခုအခါ လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်နေတဲ့အတွက် ထပ်မံ ကန့်ကွက်စာတွေကို ပေးပို့ခဲ့တာ ဖြစ်ကြောင်း လယ်သမားတွေဘက်က ပြောပါတယ်။

" ကျွန်တော်တို့ မနေက ၂ နာရီ ၁၅ ကနေစပြီးတော့ အက်စ်ဘီရုံးကို သွားစာပို့တယ်။ နောက်မြေစာရင်း ဦးစီးဌာနကို သွားစာပို့တယ်။ နောက် ကျွန်တော်တို့ သန်းဇော်ရွှေ ကုမ္ပဏီကို သွားစာပို့တယ်ဗျ။ အခုလက်ရှိ လယ်သမားတွေက လုပ်ကိုင်စားစရာ ဘာမှမရှိဘူး ဖြစ်နေတယ်။ တော်တော် အခက်အခဲတွေ့နေတယ်ဗျ။ ဒီ သန်းဇော်ရွှေ ကုမ္ပဏီက တာဝန်ခံပေါ့ဗျာ၊ အဲဒီတာဝန်ခံက ဆက်ပြီးတော့ သူတို့ ဆောင်ရွက်သွားမယ်တဲ့။ ဒီဥစ္စာကို သိမ်းယူထားမယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောပြတယ်ဗျ"

၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက လယ်သမားတွေ ထွန်ယက်စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို ဖျက်ဆီးပြီး မြေဧက ၁၂ ဧကကျော်မှာ ဇီးပင်နဲ့ စပျစ်ပင်တွေ စတင်စိုက်ပျိုးခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီနောက် ရပ်ဆိုင်းသွားခဲ့ပြီး အခုအခါ ပြန်လည် စတင်လုပ်ကိုင်လာတာ ဖြစ်ကြောင်း လယ်သမားတွေက ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။ ဒီလယ်ယာမြေတွေမှာ စိုက်ပျိုးလုပ်ကိုင်လာတာ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပြီလို့လည်း လယ်သမားတွေဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သန်းဇော်ရွှေ ကုမ္ပဏီရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဦးနေမျိုးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အခုလို ဖြေဆိုခဲ့ပါတယ်။

" ဟုတ်ကဲ့၊ ကျွန်တော် မြေတိုင်းဦးစီးမှူးကိုလည်း ပြောပြထားပါတယ်။ ကျွန်တော်တို့ မလုပ်ခင်ကို အဲအကွက်ကို မစခင်ကို ကျွန်တော်တို့ သူတို့ကိုတားထားပါတယ်ခင်ဗျ။ သုံးကြိမ်စာထွက်ပြီးတော့ ရွာကိုလေ၊ ရွာ ဥက္ကဋ္ဌဆီကို သုံးကြိမ်စာထွက်ပြီးတော့ တားထားပါတယ်။ သူတို့မလုပ်ခင်ကတည်းက ထယ်စထိုး ကတည်းကိုကလေ၊ ကျွန်တော်က ပြောတယ်၊ ဒါမလုပ်ဖို့ အဲဒီက မြို့နယ် နယ်ခံစာရေးကိုလည်း ပြောထားပါတယ်ခင်ဗျ။ အဲတာကို သူကဆက်ပြီးတော့ ဆက်လုပ်တာလေ။ ချပေးကတည်းကိုက မြေလွတ်မြေရိုင်းကို ချပေးထားတာခင်ဗျ"

ကုမ္မဏီဘက်က ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အခုလို ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကန့်ကွက် အရေးဆိုခဲ့သလို၊ ဒီလယ်ယာမြေတွေ ပြန်လည် ရရှိတဲ့အထိ ဆက်လက် ကန့်ကွက်လှုပ်ရှားသွားမှာ ဖြစ်ကြောင်း လယ်သမားတွေကလည်း ပြောဆိုထားပါတယ်။