စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင်ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ လူအင်အား ၁ဝဝ ကျော်လောက်က မနေ့က မြေတူးစက်တွေနဲ့တူး၊ လမ်းတွေဖောက်လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။
မနေ့က မနက် ၉ နာရီလောက်ကစပြီး အခုလို ဝင်ရောက်လုပ်ကိုင်ခဲ့တာလို့ တောင်သူ ဒေါ်ခင်မြလင်းက RFA ကို အခုလို ပြောပါတယ်။
"လွှတ်တော်ဆောက်လုပ်ဖို့အတွက် အကောင်အထည်ဖော်ထားတာ ပထမ လယ် ၄၁ ဧကသိမ်းလိုက်တာ၊ အခုဝန်ကြီးအိမ်နေရာလိုဖြစ်သွားပြီ၊ ၄၁ ဧကရော ၁၈၈ ဧကရောပါတယ်ရှင့်၊ ကျန်တဲ့နေရာတွေပါ ဆက်သိမ်းတယ်ပြောပြီးတော့ ဂေါ်နဲ့ထိုးတာရှင့်၊ သူတို့ကတော့ လမ်းတွေဖောက်၊ ကြိုးတွေတိုင်းပြီးတော့ ဧကစစ်နေတာ"
ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကစပြီး တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၈ဝ ကျော်ကို တိုင်းဒေသကြီး လွှတ်တော်ရုံးဆောက်လုပ်ဖို့အတွက်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
လယ်တွေထဲမှာ အဲဒီကတည်းကစပြီး သီးနှံစိုက်ပျိုးခွင့်လည်း မရတော့ဘဲ လယ်ယာမြေတွေထဲက လယ်သမားတွေရဲ့ နေအိမ်တွေကိုလည်း ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ပြေားကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိလယ်ယာမြေတွေထဲမှာ နေထိုင်နေတဲ့ တောင်သူတွေရဲ့ အိမ်တွေကို မဖယ်ပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ တောင်သူတွေက ပြောပါတယ်။
