ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှု လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြ

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကံကောက်ရပ်ကွက်က နေအိမ်တွေကို လုပ်ငန်းရှင်နဲ့ ဒေသခံအာဏာပိုင် ပေါင်းပြီး ဈေးနှိမ်ဝယ်ယူ သိမ်းပိုက်နေသလို သဘောမတူတဲ့ အိမ်ရှင်တွေကို တရားစွဲမယ်လို့ သတိပေးစာ ပို့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စအတွက် ဒေသခံတွေက လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားတယ်လို့ အိမ်အသိမ်းခံရမယ့် သူတစ်ဦးဖြစ်တဲ့ ဦးနန္ဒာဦးက RFA ကို ပြောပါတယ်။

အဲဒီနေရာက အိမ်မြေဈေးဟာ အရင်က တန်ဖိုးမကြီးပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းလေးရာဝန်းကျင် တန်တဲ့နေရာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

စုစုပေါင်း နေအိမ် ၂၅ လုံးလောက်မှာ အိမ်ခြေတစ်ဝက်လောက်ကို သိန်းဆယ်ဂဏန်းလောက်နဲ့ ဝယ်ယူ သိမ်းပိုက်လိုက်တဲ့အတွက် အခုဆိုရင် မဖယ်ပေးဘဲ ဆက်လက်နေထိုင်သူ ဆယ်ဦးကျော်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။