မြန်မာ့မြေမြှုပ်မိုင်း ပြဿနာ ရှင်းရခက်ဆဲ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ မရှင်းလင်းနိုင်သေးဘဲဖြစ်နေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်နိုင်တယ်လို့ The Economist မဂ္ဂဇင်းက သတိပေးလိုက်ပါတယ်။

မြန်မာပြည်တွင်း မြေမြှုပ်မိုင်းတွေရှိနေတဲ့ ဒေသတွေမှာ နေထိုင်သူ လူဦးရေ (၅) သန်းလောက်ရှိပြီး၊ အများစုဟာ ထိုင်း နယ်စပ်မှာဖြစ်ပါတယ်။

မြေမြှုပ်မိုင်း ဖျက်သိမ်းရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကစပြီး နှစ်စဉ် ပြည်တွင်းမှာ မြေမြုပ်မိုင်းတွေ တိုးပွားများပြားလာခဲ့တယ်လို့ ICBL ခေါ် နိုင်ငံတကာ မြေမြှုပ်မိုင်း ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကို စစ်ရေးလက်နက်အဖြစ်သာ ရှုုမြင်နေကြ ဆဲဖြစ်ပြီး၊ လူသားဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် မမြင်ကြသေးဘူးလို့ ICBL အဖွဲ့ အရာရှိတစ်ဦး က ပြောပါ တယ်။ အရပ်သားတွေဟာလည်း အသေခံ မိုင်းရှင်းကရိယာအဖြစ်အသုံးချခံနေကြရဆဲဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်ကနေ အခုထိ မိုင်းကြောင့်သေဆုံးရသူအရပ်သားပေါင်း ၃၂၀၀ ရှိတယ် ဆိုပေမယ့် လက်တွေ့မှာ အဲဒီထက် ပိုများ နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကတော့ သမ္မတ ဦးသိန်းစိန် က မြေမြှုပ်မိုင်းပြဿနာကို ကူညီဖြေရှင်းပေးကြဖို့ နိုင်ငံတကာကို ပန်ကြားခဲ့ပါတယ်။

စက်တင်ဘာလမှာတော့ မိုင်းတွေရှိနေတဲ့ဒေသတွေထဲက နေရာ (၅) နေရာ မှာမိုင်းရှင်းလုပ်ငန်းဆောင်ရွက်ဖို့ နော်ဝေး NGO အဖွဲ့တစ်ခု နဲ့ သဘောတူခဲ့ပါတယ်။ ဧပြီလကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး မိုင်း သတိပြုရေးနေ့ ကို စတင်ကျင်းပခဲ့ပြီး၊ မေလမှာ ICBL ခေါ် နိုင်ငံတကာ မြေမြှုပ်မိုင်း ဖျက်သိမ်းရေးအဖွဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးမရဘဲ မိုင်းပြဿနာ ရှင်းလင်းဖို့ ခက်လှတာကြောင့် မြန်မာနိုင်ငံ ရှေ့ခရီး အတွက် အဟန့်အတားကြီးတစ်ရပ် ဖြစ်နေဆဲပဲလို့ The Economist မဂ္ဂဇင်းက ဆိုပါတယ်။