မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်က ညောင်ဦးကမ်းပါးတစ်ဘက်မှာရှိတဲ့ ရှားတော ၊ မြင်းကျွန်း၊ သာယာကုန်း နဲ့ ထနောင်းကုန်းရွာတွေမှာ ရေကြီးပြီး ကမ်းပါးပြိုကျတဲ့အတွက် အိမ်ခြေ ၂ဝဝ ကျော်လောက် မနေ့က စတင်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
ဒီလပိုင်းအတွင်း ကမ်းပါးဆက်တိုက် ပြိုကျလာလို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေရတယ်လို့ ပခုက္ကူဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးရဲထွဋ်က RFA ကို အခုလို ပြောပါတယ်။
"ညောင်ဦးကမ်းဘက်မှာ ရေကာတာတွေ၊ ရေထိန်းနံရံတွေ၊ မြစ်ရေတင်စီမံကိန်းတွေက ရှိတဲ့ရေထိန်းနံရံတွေရယ် တံတားက ရေလမ်းကြောင်းခွဲထားတာတွေရယ်က နှစ်ခုဆိုင်ပြီးတော့မှ ကျနော်တို့ ပခုက္ကူမြိုနယ်ထဲက ကျေးရွာတွေထဲအထိ ဝင်ပြိုတာခင်ဗျ၊ ကမ်းခြေကိုရေတိုက်စားတော့ ရွာတွေက အဲမြေတွေကို မပါအောင်ဆိုပြီးတော့မှ အိမ်တွေကိုဖျက်ပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းတွေက သွားပြီးတော့ရွေ့ပေးထားတယ်"
အဲဒီလို ပြောင်းရွှေ့သူတွေကို အနီးနားက မင်းကျွန်းရွာက ယာမြေတွေထဲမှာ ပြောင်းရွှေ့ပေးထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ အရင်နှစ်တွေကလည်း အခုလို ကမ်းပြိုမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် ဒီနှစ်မှာ ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပိုပြီးအခြေအနေဆိုးတယ်လို့ သိရပါတယ်။