စိုက်ပျိုးပြီးယာမြေ အဓမ္မ သိမ်းယူမှု အိုင်အယ်လ်အိုကို တိုင်ကြား

2010-10-07

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းမှာ ပဲစိုက်ပျိုးထားတဲ့ လယ်ယာမြေတချို့ကို ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူးရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုပြီး သက်ဆိုင်ရာ ကျေးရွာ ရယကအဖွဲ့ဝင်တွေက သိမ်းယူလိုက်တဲ့ အတွက် အိုင်အယ်လ်အိုကို တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။

AFP

စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)

ရေကြည်မြို့နယ် သက္ကယ်ပင်ကျေးရွာအုပ်စု ထုံးကြီးဘိုကျေးရွာသူ ဒေါ်မြင့်အုန်းပိုင်ဆိုင်တဲ့ လယ်ယာမြေ သုံးဧကကို အနီးက ဥယျာဉ်စုကျေးရွာ အမက ကျောင်းအတွက် ဘုံမြေအဖြစ် အသုံးပြုဖို့ ဆိုပြီး ဥယျာဉ်စုကျေးရွာ ရယက ဥက္ကဋ္ဌ ဦးကျော်ဝင်းနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ သိမ်းယူကြောင်း ပြောဆိုသွားခဲ့တာလို့ သိရပါတယ်။

ဒီလို ယာမြေအသိမ်းခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဒေါ်မြင့်အုန်းက ရေကြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရုံး ကို အကူအညီ တောင်းခံခဲ့တဲ့အတွက် အိုင်အယ်လ်အိုရုံးကို အောက်တိုဘာ ၆ ရက် မနေ့က တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။

ရေကြည်မြို့နယ် အဲန်အယ်လ်ဒီ အတွင်းရေးမှူးလည်းဖြစ် အိုင်အယ်လ်အိုရုံးနဲ့ ဆက်သွယ်ဆောင်ရွက် ပေးနေသူလည်း ဖြစ်တဲ့ ဦးမြညွန့်က RFA ကို ပြောပြတာကတော့

“ဧရာဝတီတိုင်း ဖွံ့ဖြိုးရေးကောင်စီရဲ့ အစည်းအဝေးဆုံးဖြတ်ချက် ၁၁/၂၀၁၀ ဆုံးဖြတ်ချက်အမှတ် ၃၆ ဆိုပြီးတော့ အဲဒီလို ရယက က ကိုးကားပြီးတော့ အခုလို သိမ်းစာ ထွက်တာဗျ၊ တခါတည်း ရယက ရဲ့ ဥက္ကဋ္ဌ လက်မှတ်နဲ့ ထွက်တာ၊ ဦးကျော်ဝင်းရဲ့ လက်မှတ်နဲ့၊ သုံးဧက၊ ဒေါ်မြင့်အုန်းက စိုက်ပျိုးထားတာကတော့ ပဲလွန်းဖြူပေါ့ဗျား၊ ဒီသုံးဧကစလုံးကို သူက နွားခြောက်ရှဉ်းနဲ့ သူအပြည့် ထွင်ထားတာဗျ၊ တင်းတိုက်ထားတာ အခု အကုန်စိုက်ပျိုး အပင်တွေ ပေါက်ကုန်ပြီဗျ၊ အဲ့ဒါကို သိမ်းဆည်းပြီးတော့ တိုင်းအေးချမ်းသာယာရေးရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သူက ညွှန်ကြားလာလို့ ဆိုပြီးတော့ ရယက ဥက္ကဋ္ဌ ဦးကျော်ဝင်းကနေပြီးတော့ သူ့အဖွဲ့ဝင်တွေနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေနဲ့ပေါ့ဗျား၊ ဝင်ပြီးတော့ ဖျက်ဆီးတယ်၊ အဲ့ဒီအတွက်ကိုလာပြီးတော့ ကျနော်တို့ ဒီက ရေကြည်မြို့နယ် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို လာပြီးတော့ အကူအညီတောင်းတယ်။”

ဘုံမြေကွက်အဖြစ် ဒီလယ်ယာမြေ သိမ်းယူဖို့ ဆိုပြီး ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူးရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ၂၈ ရက်နေ့က ဒေါ်မြင့်အုန်း နေအိမ်မှာ လာဖတ်ပြသွားတာလို့ ဆိုပါတယ်။

အသိမ်းခံလိုက်ရတဲ့ ယာမြေတွေဟာ မိဘဘိုးဘွား လက်ထက်ကတည်းက လက်ငုတ်လက်ရင်း လုပ်ကိုင်လာတဲ့ လယ်ယာမြေတွေ ဖြစ်တဲ့အကြောင်းနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရေကြည်မြို့နယ် မြေစာရင်းဦးစီးဌာနက အသိအမှတ် ပြုထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။

ယာမြေတွေ သိမ်းယူသွားတဲ့အပေါ် ဘာလျော်ကြေးမှ မပေးတဲ့အတွက် လယ်မြေပိုင်ရှင် ဒေါ်မြင့်အုန်းမှာ အကျပ်အတည်း တွေ့နေတယ်လို့လည်း ဦးမြညွန့် က ဆက်ပြောပါတယ်။

“ကျနော်တို့ ကျန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဒီဟာကို ဂရန်ပေါက်ပြီးသားဗျ၊ ဦးပိုင်ပြေစာနဲ့ လုပ်စားပိုင်ခွင့်ပေါ့ဗျား၊ ဒေါ်မြင့်အုန်းက အခု အသိမ်းခံရတဲ့အခါမျိုးမှာတော့ ဒေါ်မြင့်အုန်းက တော်တော်လေးပဲ စိတ်ထိခိုက် သွားတယ်ပေါ့ဗျား၊ အကျပ်အတည်းလည်း သူက ကြုံသွားတယ်ပေါ့ဗျား၊ လုပ်ငန်းအနေနဲ့ ပတ်သက်လို့လည်း သူ့ စားဝတ်နေရေးအရကော သူက အခက်အခဲတွေတော့ ရှိတာပေါ့ဗျား၊ သူစိုက်ပျိုးထားတာ ကာလတန်ဖိုးနဲ့ ပြန်ကြည့်မယ် ဆိုလို့ရှိရင်တော့ ကုန်ကျစရိတ်က ရှစ်သိန်းကျော်ဖိုးလောက်ကို ရှိနေတာ၊ အခုအတိုင်း မြေကလည်း သူက ဆက်လက်ပြီးတော့ လုပ်မစားရဘူးပေါ့ဗျား၊ အဲဒီတော့ လက်လွတ် ဆုံးရှုံးရမယ့် အနေအထားမျိုး ဖြစ်သွားပြီပေါ့ဗျား၊ သူ့ရဲ့ ဘိုးဘွားပိုင်မြေက။”

ဒီကိစ္စကိုတိုင်ရာမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုရုံးနဲ့ ဆက်သွယ် ကူညီဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးသက်ဝေက အကူအညီပေးခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး

အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

တိုက်ပွဲ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ILO သွားခွင့်ရပြီ

ကလေးစစ်သားကိစ္စ အိုင်အယ်လ်အို တိုင်ကြား

အသိမ်းခံမြေအတွက် လျော်ကြေး အပြည့်အ၀မရ

ဆည်မြောင်းဝန်ထမ်းတွေ ရေမပေးလို့ နွေစပါးတွေ ပျက်တော့မည်

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

လယ်ယာမြေ ဥပဒေမူကြမ်း ပဲခူးနဲ့မကွေးတိုင်းလယ်သမားတွေ ကန့်ကွက်