မသန့်ရှင်းတဲ့ စားသုံးဆီ လားရှိုးမှာ တွေ့ရှိ

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့်တဲ့စားသုံးဆီတွေကို ထုတ်လုပ်ရောင်းချနေကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စစ်ဆေးတွေ့ရှိထားပါတယ်။

လားရှိုးမြို့က ဆီထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို စစ်ဆေးရာ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရောနှောဆီတွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေကို ရပ်ဆိုင်းခိုင်းထားတယ်လို့ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်း က ပြောပါတယ်။

"ဆီတော်တော်များများကတော့ စက်ရုံကလည်ပတ်လားဆိုတာကို ကြည့်လိုက်တော့လည်း စက်ရုံလည် ပတ်မှုမရှိတဲ့ အနေအထားများကိုတွေ့ရတယ်၊ ကုန်ကြမ်းကလည်း လက်တွေ့မပြနိုင်တဲ့ အနေအထားမျိုး ရှိတယ်၊ အဲ့ဒါကိုတွေ့ရတော့ လားရှိုးမြို့မှာ ပဲဆီသန့်ပါဆိုပြီး တရားဝင်ထုတ်နေတဲ့ဆီတွေက ရောနှော ဆီတွေ၊ မသန့်တဲ့ဆီတွေလို့ပဲ သုံးသပ်ပါတယ်"

ရွှေမန္တလေး၊ ချမ်းငြိမ်း၊ စူပါ၊ ချမ်းသာ၊ ဇာမဏီ စတဲ့ အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ စားသုံးဆီတွေ မှာ စစ်ဆေးတေ့ွရှိခဲ့တာဖြစ်ပါတယ်။ လားရှိုးမြို့က ဆီစက်တွေကနေ ထုတ်လုပ်တဲ့ စားသုံးဆီတွေကို ရှမ်းပြည်မြောက်ပိုင်းထဲက သီပေါ၊ မိုင်းရယ်၊ ကျောက်မဲ စတဲ့ မြို့နယ်တွေအထိ ဖြန့်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက တရားမဝင်တင်သွင်းထားတဲ့ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ကြက်တောင်ပံ စတဲ့ အသင့် စားအစားအစာတွေကို ဈေးတွေမှာ ရောင်းချနေတာ တေ့ွရှိရပြီး အဲ့ဒီဈေးဆိုင်တွေကို မရောင်းချဖို့ သတိပေးခဲ့တယ် လို့ ဦးဇော်မင်းသန်းက ပြောပါတယ်။ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စာသင်ကျောင်းတွေက မုန့်ဈေး တန်းတွေနဲ့ မူဆယ်ကနေ တင်လာတဲ့ တရုတ်မုန့်တွေကို ဖြန့်ဖြူးတဲ့နေရာတွေကိုလည်း ဝင်ရောက်စစ်ဆေးနေ တာဖြစ်ပါတယ်။

၂၀၁၄ခုနှစ် မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတိပေးတာ ၊ လျော်ကြေးကောက်ခံတာ၊ ကုန်စည်ကို ကာလအကန့်အသတ်နဲ့ ရောင်းချခွင့်ပိတ်ပင်တာ၊ ကုန်စည်တွေ ကို ဈေးကွက်အတွင်းက ပြန်လည်သိမ်းဆည်းတာ၊ သိမ်းဆည်းထားတဲ့ ကုန်စည်တွေကို ဖျက်ဆီးတာ၊ ထုတ်လုပ်ခွင့်လိုင်စင်တွေကို ပိတ်သိမ်းတာတွေ ဆိုပြီး အဆင့်ဆင့်အရေးယူနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်တယ်လို့လည်း ပါရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးဆီထုတ်လုပ်တဲ့စက်ရုံတွေ၊ စာသင်ကျောင်းမုန့်ဈေးတန်းတွေ နဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ရက်တစ်ရာစီမံချက်နဲ့ လိုက်လံစစ်ဆေးနေပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ရှမ်းပြည်မြောက်ပိုင်းအတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ လားရှိုးမြို့ပါ်က ဆီစက်ရုံတွေဟာ ရောနှောဆီတွေနဲ့ မသန့်တဲ့ဆီတွေကို ထုတ်လုပ်ဖြန့်ချိနေကြောင်း တေ့ွရှိထားတယ်လို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောပါတယ်။

ဦးဇော်မင်းသန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။