ဒီကနေ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ်ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ တာမွေအဝိုင်းထိပ်ကို ချီတက်ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က RFA ကို အခုလိုပြောပါတယ်။ "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ တာမွေအဝိုင်းကိုသွားတဲ့အခါမှာ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့်အကြမ်းဖက်မှုကိုမှ မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချတာဖြစ်ပါတယ်" ဒီကနေ့ ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်တော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး၊ဒီကနေ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သပိတ်စခန်းတွေကိုအကြမ်းဖက် ဖြိုခွဲပြီးနောက် တတိယမြောက်နေ့ အဖြစ် ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။
Generation Wave မျိုးဆက်သစ်လူငယ်များအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသွေးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကတစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ကိုမိုးသွေးတို့စီးလာတဲ့ အငှားယာဉ် တက္ကဆီကို လမ်းပိတ်တားပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကိုမိုးသွေးတို့နဲ့အတူရှိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဒီငြိမ်းလင်းနဲ့ ကိုမိုးသွေးရဲ့ ညီဖြစ်သူ ကိုကြည်ဇင်သာကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။