လက်ပံတောင်းတောင်မှာ ရဲနဲ့ရွာသား ပဋိပက္ခ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားက လိပ်ခွံတောင်မှာ ဒီကနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုးကြိုးပြင် (အလယ်ရွာ)က ဒေသခံတောင်သူတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ဒေသခံလယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါ တယ်။

ဒီကနေ့မနက်ပိုင်းမှာ လိပ်ခွံတောင်အနီးက လယ်ယာမြေတွေထဲကို ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးဝင်ခတ်တာကြောင့် ဒေသခံတွေက ခြံစည်းရိုးမခတ်ဖို့ တားဆီးရင်း ပစ်ခတ်မှုအထိဖြစ်ခဲ့ တာလို့ တောင်သူတွေနဲ့ အတူရှိနေတဲ့ အထက် ချင်းတွင်းလူငယ်ကွန်ရက်က ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

"၈ နာရီလောက်မှာ စပြီးတော့ဖြစ်တာ၊ ရွာသားတွေပိုင်တဲ့လယ်တွေရှိတယ်၊ သီးနှံတွေကို အရင်ဆုံးလျော်ပေးဖို့ ဖယ်ပေးဖို့ တောင်းဆိုတယ်၊ အဲ့ဝမ်ပေါင်ကုမ္ပဏီဘက်ကဟာတွေက မဖယ်ပေးဘဲနဲ့ ခြံစည်းရုံး အတင်းအဓမ္မ ခတ်တယ်၊ ရွာသားတွေကဝင်ပြီးတော့ ခြံစည်းတွေဖျက်တယ်၊ ၁ဝ နာရီလောက်မှာပဲ သေနတ်နဲ့ပစ်တယ်၊ မိုးပေါ်ထောင်ပစ်တာ ၃ ချက် နောက်ထပ် ၁ဝ ချက်မှာတော့ ရွာသားတွေမှာ ဒဏ်ရာရသွားတယ်၊ ၂ ယောက် ဒဏ်ရာရသွားတယ်၊ အားလုံး ၁၂ ချက်လောက်ပစ်တယ်ဗျ"

တောင်သူတွေက ကင်းတဲမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတွေကို ဓါး၊ လေးဂွတွေနဲ့ ဝင်ရောက်တိုက်ခိုက် တာကြောင့် ပြန်လည်ကာကွယ်ရင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က ပြောပါတယ်။

"ဒီမှာက လုံခြုံရေးအတွက် ကျနော်တို့ချထားတဲ့ ကင်းလေးတွေရှိတယ်၊ ကင်းကိုအတင်းပေါ့နော် လေးခွတို့ ဓါးတို့နဲ့ အတင်းဝင်တိုက်တာပေါ့၊ ဝင်တိုက်တဲ့အခါကျတော့ လုံခြုံရေးရေးကို ကာကွယ်တဲ့အနေနဲ့ သတိပေးပစ်ခတ် တာဖြစ်တယ်၊ စီမံကိန်းဧရိယာအတွင်းမှာ လုံခြုံရေးချထားတဲ့ဟာတွေကို မကျေနပ်လို့ ဝင်တိုက်တဲ့သဘောပေါ့၊ စီမံကိန်းဧရိယာဆိုတော့ တချိန်တုန်းကတော့ သူတို့စိုက်ပျိုးတဲ့မြေတွေရှိတာပေါ့၊ ပုဒ်မ ၁၄၄ ဧရိယာလည်းဖြစ် တယ်၊ လုံခြုံရေးကလည်း တာဝန်ယူရတာလည်းရှိတယ်"

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပေါင်နဲ့ လက်မှာ ရာဘာကျည်ထိမှန်သွားခဲ့တဲ့ မိုးကြိုးပြင် (အလယ်ရွာ) က တောင်သူ ၂ ယောက်ဟာ ရွာထဲမှာပဲ ဆေးကုသမှုခံယူနေပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ လျော်ကြေးငွေမယူထားတဲ့ တောင်သူတွေ က ခြံစည်းရိုးမခတ်ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်နဲ့ တုံရွာ၊ မိုး ကြိုးပြင်ရွာ၊ ဆည်တဲ၊ ဇီးတော စတဲ့ကျေးရွာတွေက တောင်သူ ၁ဝဝ ကျော်လောက်ဟာ လိပ်ခွံတောင်ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် အခြေအနေတင်းမာနေဆဲ ဖြစ်ပါတယ်။