လက်ပန်းတောင်းဒေသမှာ မီးလောင်ဗုံး သုံးဖြိုခွင်းသူတွေကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို

လက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒ ထုတ်ဖော်တဲ့ သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ မီးလောင်ဗုံးသုံးဖို့ အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ဆည်တဲကျေးရွာ အနီးမှာ ကျေးရွာ ၂၆ ရွာက ဒေသခံ ၁၅၀၀ လောက်ဟာ လူထုအစည်းအဝေး ကျင်းပကြပြီး အဲဒီလို တောင်းဆိုကြတာဖြစ်တယ်လို့ တက်ရောက်လာတဲ့ ကျောက်ဖြူဒိုင်ရွာက ဦးထွန်းစီက ပြောပါတယ်။

လူထုအစည်းအဝေးကို လက်ပန်းတောင်းဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ကြီးမှူးဆောင်ရွက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့က စတင်ပြီး လက်ပန်းတောင်း တောင်စီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်တွေစတင် ကောက်ယူတာကိုလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လူထု အစည်းအဝေးနဲ့က ပတ်သက်ပြီး တုံရွာသစ်က ကိုလေးဝင်းကို အစည်းအဝေးကျင်းပနေစဉ်အချိန်အတွင်းက အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00