လောက်ကိုင်မြို့က ဒေသ ခံတွေ ပြန်လာကြဖို့ အာဏာပိုင် က ခေါ်ယူ

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်နယ်၊ လောက်ကိုင်မြို့က ဒေသခံတွေကို လောက်ကိုင် အုပ်ချုပ်ရေးမှူးရဲ့သားက မြို့တွင်းကိုပြန်လာဖို့ ဒုက္ခသည်စခန်းတွေကို လူလွှတ်ပြီး ခေါ်ယူလျက်ရှိတယ်လို့ MNDAA အဖွဲ့ကပြောပါတယ်။

အုပ်ချုပ်ရေးမှူး ပယ်ရှောက်ချိန်ရဲ့ သား ပယ်ရင့်နိုင်က ခုလိုစီစဉ်တာဖြစ်ပါတယ်။ အဓိကက လောက်ကိုင်မြို့တည် ငြိမ်အေးချမ်းတာကိုပြချင်လို့ဖြစ်တယ်လို့ MNDAA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"လောက်ကိုင်မြို့တည်ငြိမ်သွားပြီ ပြန်လည်အေးချမ်းသွားပြီဆိုတာကို သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ကတောင် ပြောထားတာရှိတယ်၊ လောက်ကိုင် မြို့ကြီး တည်ငြိမ်သွားပြီဆိုတာကို ထုတ်ဖော်ချင်လို့ လူတွေကို အတင်းကြီးပြန်ခိုင်းတာ အုပ်ချုပ်ရေးမှူး ပယ်ရှောက်ချိန်ရဲ့သား ပယ်ရင့်နိုင် သူကနေ လူလွှတ်ပြီးတော့ တချို့လူတွေကျတော့လဲ လောက်ကိုင်ကိုပြန်သွားတာရှိတယ်၊ ဥပမာ လူ အယောက် ၂၀၊ ၃၀ ပေါ့နော်၊ သူတို့တွေက ညတော့ မအိပ်ရဲဘူး၊ ဒီလိုသွားနေတဲ့အချိန်မှာ ကိုယ့်ပေါ်မှာ သူတို့ရှာတယ်၊ တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုအားလုံးယူထားခဲ့တယ်၊ ပိုက်ဆံတို့ဘာတို့ဆို အားလုံး ယူတယ်၊ ယူပြီးတော့မှ လူကိုပြန်လွှတ်တယ်၊ လူငယ်တွေဆိုအကုန်သတ်ဖြတ်၊ ဆင်ခြေထွက်လာတာကတော့ MNDAA ကအရပ်ဝတ်နဲ့ပြန်သွားလို့ ပါတဲ့၊ လောက်ကိုင်ထဲကို ရောယောင်ပြီးဝင်ချင်လို့တဲ့"

ပြန်လာကြသူ လောက်ကိုင်မြို့ခံတွေဟာ မြို့နဲ့ကပ်နေတဲ့ တရုတ်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင် သူတွေဖြစ်ပြီး လောက်ကိုင်မြို့ကနေ ငါးမိုင်ခန့်ဝေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လောက်ကိုင်မြို့ထဲမှာ တပ်စွဲထားတဲ့ တပ်မ ၃၃ ကလည်း မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သလို မြို့ထဲနေရာအနှံ့မှာရှိနေတဲ့ လူသေ အလောင်းတွေကို မီးရှို့ကြတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း လောက်ကိုင်မြို့အရှေ့ဘက် က တောင်ကုန်းများမှာ နေရာယူထားတဲ့ ကိုးကန့်တပ်တွေကို အစိုးရ တပ်တွေက ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးပစ်ကူနဲ့ ပြန်လည်သိမ်းပိုက်ဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ MNDAA အဖွဲ့က ပြောပါတယ်။