မန္တလေးကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိ

ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက် ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၅၀ ကျော်ဟာ မန္တလေးမြို့ကို မနေ့က ထပ်မံရောက်ရှိလာပါတယ်။

လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကနေ ရောက်လာတဲ့ ဒုက္ခသည်တွေမှာ အမျိုးသမီးတွေ၊ ရင်ခွင်ပိုက် ကလေးငယ်တွေ ပါတယ်လို့ မန္တလေးဗြဟ္မစိုရ်အသင်း အလုပ်အမှုဆောင် ကိုထိပ်တင်မျိုးဝင်းက ပြောပါတယ်။

"အိမ်ပြန်ရောက်ရင် ပြီးတာပဲဆို ပြီး ခြေလျင်လျှောက်လာတာ တောထဲကနေ ပြီးတော့ ခြေထောက်တွေမှာဆိုရင် အရည်ကြည် ဖုတွေပေါက်ပြီးတော့ အဲ့လိုမျိုးတွေ အများကြီးပဲ ၄၅ မိုင်လောက် တောင်တက်၊ တောင်ဆင်းနဲ့ အဲ့လိုလာ ခဲ့ရတာ၊ လောက်ကိုင်ဘက်ကနေမှ ချင်းရွှေဟော်ဘက် ကလည်း ခေါ်လို့ အဆင်မပြေဘူး၊ ချင်းရွှေဟော်ဘက် ကနေတော့ သူတို့အသင်းတွေသွားခေါ်တယ်၊ လူငယ်၊ လူလတ်တွေများပါတယ်၊ အမျိူးသား ကတော့ အများဆုံးပေါ့၊ အမျိူးသမီးနဲ့ ကလေး ငယ်တွေများတယ်၊ မိသားစုလိုက်သွားကြတယ်၊ အခုလာတဲ့သူတွေက လုပ်ခလစာ မရတဲ့သူများတယ်"

ရောက်ရှိလာတဲ့ ဒုက္ခသည်အများစုဟာ ရမည်းသင်းမြို့က လူတွေအများဆုံးဖြစ်ပြီး၊ လူမှုကူူညီရေး အသင်းက သူတို့နေရပ်ကို ကားတွေနဲ့ ပို့ဆောင်ပေးနေပါတယ်။

နောက်ထပ် ဒုက္ခသည် ၃၀၀ ဝန်းကျင် ထပ်ရောက်လာဦးမယ်လို့လည်း သိရပါတယ်။

လားရှိုးလူမှုကူညီရေး အသင်းတွေနဲ့ ဗြဟ္မာစိုရ်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြီး ဒုက္ခသည် ၂၀၀၀ ကျော်ကို ကူညီ ပို့ဆောင်ပေးပြီပြီလို့ ကိုထိပ်တင်မျိုးဝင်း က ပြောပါတယ်။