မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA နဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တချို့ ကို အစိုးရကဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဖောင်ဒေးရှင်းက မနက်ဖြန်ကစ ပြီး လောက်ကိုင်မြို့ထဲကို ပြန်လည်ခေါ်ဆောင် မှာ ဖြစ်ပါတယ်။
လောက်ကိုင်မြို့က အမှတ် ၁ အထက်တန်းကျောင်းမှာ ဒုက္ခသည်စခန်းဖွင့်ပြီး နေရာချထားမှာဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်း မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။
ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့ခံတွေနဲ့ အဲဒီမြို့မှာ သွားရောက်အလုပ်လုပ်ကိုင် သူတွေဟာ လားရှိုး၊ မန္တလေး နဲ့ တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
လားရှိုးမြို့ မန်စူဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည် ၁၅၀ လောက်ကို လောက်ကိုင်မြို့မှာ နေရာချထားပေးဖို့ မနက်ဖြန် ခေါ်ဆောင်မှာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်းမှာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဒုတိယဝန်ကြီးတွေနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း ပါဝင်ပါတယ်။
အဲဒီဖောင်ဒေးရှင်းဟာ လောက်ကိုင်မြို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ငွေကျပ်သိန်းပေါင်း ၅ထောင်နီးပါး ရရှိထားတယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်ကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
