ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့ မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ တိုက်ရိုက်ဆွေးနွေးခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မနေ့က လောက်ကိုင်မြို့ကို MNDAA ဝင်ရောက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ တောင်ကုန်းကို တပ်မတော် စစ်ကြောင်းတွေက သိမ်းပိုက်ရရှိထားပြီလို့ ပါရှိပါတယ်။
လောက်ကိုင်မြို့ကို MNDAA အဖွဲ့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မူလတန်းပြ ဆရာမ အပါအဝင် ယာဉ်ထိန်းရဲ ၅ ယောက်၊ ပြည်သူ ၅ ယောက် သေဆုံးပြီး ယာဉ်ထိန်းရဲ ၄ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ပါရှိပါတယ်။ အဲဒီတိုက်ပွဲကနေ MNDAA တပ်ဖွဲ့ဖက်က ရုပ်အလောင်း ၂၆ လောင်း အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်၊ RPG ၂ လက် တို့ကို ရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည်တချို့လည်း ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
MNDAA ရဲ့ တိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့က ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပြီး ဒုက္ခရောက်နေရတဲ့အတွက် လက်နက်ကိုင်တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို ဦးတည်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်း ထားပါတယ်။
