ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြား ဒီနေ့ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေ နဲ့ ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင် ကြသူတွေဟာ နေရပ်စွန့်ခွါထွက်ပြေးနေရပါတယ်။
ဒီနေ့ လောက်ကိုင်မြို့နယ်အတွင်းက နေရာ ၄ နေရာလောက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
"ဒီနေ့မနက် ၃ နာရီကျော်လောက်မှာ ကျနော်တို့ နေရာ ၃၊ ၄ ခုလောက်ဖြစ်တယ်။ တချို့ ရန်လုံကျိုင်း အဲဒီနေရာကိုတော့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က မနက်ပိုင်းမှာ ထိန်းထားနိုင်ခဲ့တယ်။ တခြားနေရာတွေမှာလည်း မနက်ဖက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ၂ နာရီလောက်မှာဆိုရင် တရုတ်နိုင်ငံ ရဲ့ မိုင်တိုင်အမှတ် ၁၂၆ နဲ့ ၁၂၇ ကြား တရုတ်ပြည်ရဲ့ အတွင်းဖက် ကီလိုမီတာ ၁.၅ အတွင်းဖက်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာ ရှိတယ်။"
တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံးတာတွေရှိပေမယ့် အရေအတွက်တွေ အတိအကျမသိနိုင်သေးဘူး လို့ ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေ တရုတ်နိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်တာတွေရှိသလို လောက်ကိုင်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မကွေးတိုင်းဘက်က ကြံစိုက်လုပ်သားတွေလည်း နေရပ်ပြန်ဖို့ ပြင်ဆင်နေ ကြပါတယ်။
လောက်ကိုင်ကနေ လားရှိုးသွားတဲ့ ကားခဈေးနှုန်းတွေဟာ အရင် ကျပ်တစ်သောင်းဝန်းကျင်သာရှိရာကနေ အခုချိန်မှာ ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားတာကြောင့် နေရပ်ပြန်လိုသူတွေ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
အစိုးရတပ်မတော်ဘက်ကလည်း စစ်အင်အားတိုးချဲ့ချထားတာတွေရှိလာတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်လို့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
MNDAA တပ်ဖွဲ့တွေဟာ မနေ့က လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့က MNDAA, TNLA နဲ့ AA တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက် ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့ မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ပါဝင်ဆွေးနွေးခွင့်ပြုမှာဖြစ်ကြောင်း ကမ်းလှမ်းခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လောက်ကိုင်မြို့ကို MNDAA အဖွဲ့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မူလတန်းပြ ဆရာမ အပါအဝင် ယာဉ်ထိန်းရဲ ၅ ယောက်၊ ပြည်သူ ၅ ယောက် သေဆုံးပြီး ယာဉ်ထိန်းရဲ ၄ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီတိုက်ပွဲကနေ MNDAA တပ်ဖွဲ့က အလောင်း ၂၆ အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်၊ RPG ၂ လက် တို့ကို ရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည်အချို့လည်း ကျဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကလည်း တပ်မတော်က စစ်ရေးဖိအားတွေ ပေးနေတာကြောင့် မလွဲမရှောင် သာတိုက်ပွဲတွေကို ပြုလုပ်ရတာဖြစ်ကြောင်း၊ လောက်ကိုင်မြို့အတွင်း တိုက်ပွဲများကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုတွေ ရှိနေတာဟာ လောက်ကိုင်ဒေသရှိ မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေရဲ့ လူမျိုးရေးခွဲခြားပြီး ဗမာမဟုတ်သူတွေကို မဆင်မခြင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေသာ ဖြစ်တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
