ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် သူ နှစ်သောင်းကျော်အထိရှိနေပြီး လားရှိုးမြို့ကို ထွက်ပြေးလာသူ ၁၆၀၀ ဝန်းကျင်ရှိနေပါတယ်။
စစ်ဘေး ဒုက္ခသည်တွေကို တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်အနီး အမှတ် ၁၂၅ နေရာမှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားတယ်လို့ တရုတ်နိုင်ငံအတွင်းမှာ သတင်းသုံးတဲ့ ဆရာတော် ဦးကေသရ က မိန့်ပါတယ်။
"ကောင်းမွန်စွာနေရာချထားတာ။ ၁၂၅ နေရာမှာ။ မြန်မာ-တရုတ်နယ်စပ်နားမှာပေါ့နော်။ နယ်စပ်ရဲ့ တစ်မိုင် မရောက်တစ်ရောက်မှာ အဲ့မှာကောင်းမွန်စွာနေရာချထားပါတယ်။ တရုတ်ရဲ့ ဒုက္ခသည် စခန်းကောင်းမွန် စွာ နေရာချထားတာ အမှန်အကန်ပါ "
တရုတ်ပြည်ဘက်မှာ ဆွေမျိုးသားချင်းရှိသူတွေက တရုတ်အစိုးရ နေရာချထားပေးတဲ့ အမှတ် ၁၂၅ နေရာ မှာ နေထိုင်တာမျိုးမလုပ်ဘဲ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ခိုလှုံမှုတွေရှိနေတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာသူတွေကို တရားမဝင်ပစ္စည်းတွေ သယ်ဆောင်လာတာမျိုးတွေ ရှိ မရှိ တရုတ်အစိုးရဘက်က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ဒီနေ့ အထိလည်း တရုတ်နိုင်ငံ ဘက်ကို ဝင်ရောက်ခိုလှုံတာတွေ ရှိနေဆဲဖြစ်ပါတယ်။
လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာသူတွေကိုတော့ မန်ဆူဆရာတော်ဘုရားကြီးနဲ ့လူမှုကူညီရေးအဖွဲ့တွေ ဌာနဆိုင် ရာတွေက နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးနေကြပါတယ်။ မတ်လ ၆ ရက်နေ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒီနေ့ နေ့လယ်အထိ ထွက်ပြေးလာသူတွေကို ကူညီပေးနေတာနဲ့ပတ်သက်ပြီး လားရှိုးမြို့အောင်မင်္ဂလာ မန်ဆူကျောင်းတိုက်ဆရာတာ် ဘဒ္ဒန္တ ပုညနန္ဒ က အခုလိုမိန့်ကြားပါတယ်။
"ဒီတနေ့ပေါ့ လူဦးရေ အားလုံးစုစုပေါင်း ၁၆ဝဝ ကျော်သွားပါတယ်၊ ထမင်း ဟင်း သေချာကျွေးပေးတယ် ၊ နောက်ပြန်ဖို့အတွက် ကားတွေစီစဉ်ပေးတယ်၊ မနေ့ကဆိုရင် ကားကြီး ကားသေး အားလုံး ၁ဝ စီးပေါ့၊ ဒီနေ့လည်း ၁ဝ စီးလောက် ထပ်ပို့ပေးမယ်"
အလုပ်သမားတွေဟာ လောက်ကိုင်မြို့ကနေ နီးစပ်ရာကားတွေ ဆိုင်ကယ်တွေနဲ့လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြ တာဖြစ်ပါတယ်။
ထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ဖို့အတွက် လားရှိုး-မန္တလေး လမ်းတစ်လျှောက် လူမှုကူညီရေးအသင်းတွေက လည်း ကူညီပေးနေပါတယ်။
လောက်ကိုင်မြို့ပေါ်မှာ မနေ့ညနေပိုင်းအထိ ပစ်ခတ်သံတွေကြားနေရသလို နေရပ်ပြန်ဖို့ ကားစောင့်ဆိုင်းနေ သူတွေ သောင်းနဲ့ချီ ရှိနေပါသေးတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသူ နှစ်သောင်းလောက်အထိရှိနေပြီး သူတို့ကို တရုတ်နိုင်ငံက ကူညီပေးနေတယ်လို့ သိရပါတယ်။
