၀န်ကြီးချုပ်တင်မြောက်ရေး တပ်မတော်နဲ့ တိုင်းရင်းသား အမတ်တွေကြား သဘောထားကွဲလွဲ

0:00 / 0:00

0:00 / 0:00

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်လွှတ်တော်တွေက တင်မြှောက်ရမယ်ဆိုပြီး ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) ကို ပြင်ဆင်ထားတာကို ကိုယ်စားလှယ်တွေ ဒီနေ့ ဆွေးနွေးရာမှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေက မူရင်းပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်းသာထားချင်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြင်ဆင်ချက်ကို ထောက်ခံကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဒီအတိုင်းဆက်လက်ကန့်ကွက်နေမယ်ဆိုရင် တပ်နဲ့ပြည်သူတွေ အကြား ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးသိန်းဆွေ က ဆွေးနွေးခဲ့ပါတယ်။

"ဒီအချိန်မှာ တပ်မတော်နဲ့ ပြည်သူကြား ယုံကြည်မှု ပိုမိုခိုင်ခံ့အောင် တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းကြီးတစ် ခုဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်ရှိလွှတ်တော် အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်မှ သဘောတူမှ ပြင်လို့ရမှာဖြစ်ပါတယ်၊ တစ်ကယ်ပြောင်းလဲချင်ရင် စေတနာမှန်မှန် သတိရှိရှိနဲ့ ပြောင်းလဲ ဖို့လိုအပ်ပါတယ်၊ ပြည်သူလူထုရဲ့လိုလားတောင်းတချက်တွေကို ဆောင်ရွက်အကောင်အထည်ဖော်ပေးဖို့ တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါရန် တိုက်တွန်းနှိုးဆော်ပါတယ်"

တိုင်းရင်းသားကိုယ်စားလှယ်တွေက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့် ပေးထားတာကို လိုလားကြ တာဖြစ်ပါတယ်။ ဒီပုဒ်မကို မပြင်ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်နေ တာတွေ ပျက်ပြားသွား နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက် ပုဒ်မ ၃၀ လောက်ကို ရှေ့အပတ် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုမှာဖြစ် တယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးမှုတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။

ဒီကိစ္စအပေါ် တိုင်းရင်းသားပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူဒေါ်ခင်ခင်အိ စုစည်းတင်ပြထား တာကိုလည်း နားဆင်နိုင်ပါတယ်။