ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူပြန်ထုတ်ရေး လွှတ်တော်မှာဆွေးနွေး

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေတော့မယ့် ငွေစက္ကူတွေမှာ ထင်ရှားတဲ့နိုင်ငံ့ ခေါင်းဆောင်ပုံတွေ၊ အထင်ကရ အဆောက်အဦးပုံတွေ၊ အထိမ်းအမှတ်ပုံတွေကို အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ထည့်သွင်းရိုက်နှိပ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့််က မြန်မာနိုင်ငံတော ်ဗဟိုဘဏ်က နောင်ထုတ်မယ့် ငွေစက္ကူတွေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံအပါအဝင်၊ တိုင်းရင်းသား အာဇာနည် ခေါင်းဆောင်တွေရဲ့ပုံတွေကို ထည့်သွင်းရိုက်နှိပ်ပေးဖို့အတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်ရာမှာ မြန်မာနိုင်ငံတော ်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

အခုလက်ရှိထုတ်ဝေနေတဲ့ ငွေစက္ကူတွေထဲက ငွေကျပ်တစ်ထောင်တန်အထိ ဖော်ပြထားတဲ့ ခြင်္သေ့ပုံဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ တံဆိပ်အမှတ်အသားဖြစ်နေတဲ့အတွက် နိုင်ငံတော်အဆင့်အမှတ်အသားနဲ့ မတူသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါတယ်။

ငွေစက္ကူတွေမှာ မြန်မာနိုင်ငံအပြင် ကမ္ဘာကပါလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ပြန်လည်ထုတ်ဝေပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် ထားခဲ့ပါတယ်။