ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့တဲ့ ရှေးဦး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း ပုဒ်မ ၃၄ ထဲမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေ ထည့်သွင်းရေးသားထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ကန့်ကွက်ဆွေးနွေးလိုက်ပါတယ်။
ဒီမိုကရေစီနုနယ်တဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေးပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ပေးဖို့လိုတယ် ပြည်သူကို ဒဏ်ခတ်ဖို့မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှားသိအောင်လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဥပဒေကြမ်းကော်မတီက ပြောသွားတာက ဒီမိုကရေစီနုနယ်တဲ့အချိန်မှာ ပြစ်မှု၊ ပြစ်ဒဏ်ဆိုတာလိုတယ်ဆို ကျမတို့က ပြောင်းပြန်လုပ်ထားတယ်၊ ကျမတို့ ဒီမိုကရေစီ ဒီမိုကရေစီနုနယ်တဲ့အချိန်မှာဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်တယ်၊ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား အများသိအောင်လုပ်ပေးဖို့လိုပါတယ်၊ ဒီမှာဆိုလို့ရှိရင် ရပ်ရွာအခြေပြု အိမ်အခြေပြုဆိုတာဟာ ကလေးလေးတွေကို အိမ်မှာခေါ်ပြီးတော့ထိန်းတာ၊ နေ့ကလေးထိန်းဌာနဖွင့်တာနဲ့ မတူပါဘူး၊ အဲဒါကြောင့် နေ့ကလေးထိန်းဌာနဖွင့်တာလောက်ပဲ ဒဏ်ကြီးကိုပေးမယ်ဆိုတာလည်း မသင့်တော်တဲ့ ဒီပြစ်မှုပြစ်ဒဏ်ဆိုတာကိုလည်း ကျမလည်း ကန့်ကွက်ပါတယ်"
အဲဒီ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းကို ဆုံးဖြတ်ချက်ချဖို့ ခေတ္တဆိုင်းငံ့ထားပြီး နောင်မှသာဆက်လက်ဆွေးနွေးသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသွားပါတယ်။