ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ နှစ်သစ်ကူးဆုတောင်းပွဲ ကျင်းပခဲ့တာကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မသက်သက်အောင် အပါအဝင် ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ရဲစခန်းက တရားမဝင်စီတန်းလှည့်လည်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က လုပ်ခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း ဒီကနေ့ ခေါ်ယူ အသိပေးတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မသက်သက်အောင် က ပြောပါတယ်။
"အဓိကကတော့ ၂ဝ၁၄ ဒီဇင်ဘာ ၃၁ ရက်နေ့ကပေါ့နော်၊ ကျမတို့လုပ်တဲ့ပွဲလေးပေါ့နော် အကြမ်းဖက်မှု ရပ်တန့်ဖို့ရယ်၊ တရားမျှတမှုဖော်ဆောင်ရေးအတွက် နှစ်သစ်ကူးအကြို ဆုတောင်းပွဲဆိုပြီးတော့ လုပ်တဲ့ပွဲအတွက် ပုဒ်မ ၁၈ တပ်ထားတယ်ဆိုတဲ့အကြောင်းပေါ့၊ ဒီနေ့ ၁ ရက်နေ့မှာ ချိန်းဆိုတဲ့အတွက် ကျမသွားတွေ့တယ်၊ သူတို့ကိုယ်ရေးအကျဉ်း ယူတယ်ပေါ့နော်၊ နောက်အဲ့နေ့က ငြိမ်းစုစီ တင် မတင်ပေါ့နော်၊ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က လုပ်ခဲ့တဲ့ပွဲဖြစ်တယ် ကျမ မမှတ်မိတော့ဘူးလို့၊ ဒီနေ့အဲ့လောက်ပါပဲ"
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အကြမ်းဖက်မှုရပ်တန့်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုပြီး ဆုတောင်းပွဲကျင်းပခဲ့တာကို ၁နှစ်ကျော်အကြာမှာ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
လှိုင်မြို့နယ်ရဲစခန်းက ဒုတိယရဲမှူးကြီး ဦးကျော်ဇောက မသက်သက်အောင်ကို ခေါ်ယူပြောဆိုတာဖြစ်ပြီး တရားလို ဘယ်သူဆိုတာကို မသိဘူးလို့ ပြောပါတယ်။
အဲဒီအမှုတွဲမှာ Generation Wave အဖွဲ့က ကိုမိုးဃ်းသွေးနဲ့ ကိုကျော်ဘိုဘို တို့လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။
