ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ရှေ့နေကွန်ရက် တရားစွဲမယ်

ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်းတိုင်းတရားရုံး နဲ့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွဲှပြောင်းရောင်းချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားစွဲဆိုသွားမယ်လို့ ဒီနေ့ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အစည်းအဝေးပြုလုပ်ပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။

စုပေါင်းတိုင်းတရားရုံးနဲ့ တရားလွှတ်တော်ရုံးတွေကို ဟိုတယ်အဖြစ် လွဲှပြောင်းတာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် မကြာခင်မှာ တရားစွဲဆိုသွားမယ် လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

" အင်မတန် ခန့်ညားထည်ဝါတဲ့ ကျနော်တို့ရဲ့ ရန်ကုန်တိုင်းတရားရုံးကြီး ရှိနေပါလျှက်နဲ့ အင်မတန် ခန့်ညားထည်ဝါတဲ့ တရားရုံးကြီးကို ဟိုတယ်လုပ်ပြီးတော့ အင်မတန် သေးသိမ်တဲ့အဆင့်မှာရှိတဲ့ အဆောက်အအုံတွေမှာ ကျနော်တို့ရဲ့ တရားရေးယန္တရားကို အကောင်အထည်ဖော်နေတာဟာ ဝမ်းနည်းစရာကောင်းသလို တိုင်းပြည်ရဲ့ပုံရိပ်လည်း မကောင်းပါဘူး၊ အဲတော့ ဒီပြဿနာဟာ ကျနော်တို့ ရှေ့နေပြဿနာ၊ တရားသူကြီးပြဿနာ မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ပုံရိပ်ကို အများကြီးထိခိုက်စေတဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို ကျနော်တို့ရှေ့နေများကွန်ရက်က တရားစွဲဖို့ဆုံးဖြတ်ထားပြီး မကြာခင်မှာ တရားစွဲဆိုမှာဖြစ်ပါတယ်"

တရားစွဲဆိုမယ့် အကြောင်းကြားစာကို ပြီးခဲ့တဲ့ ဧပြီလ(၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ ပေးပို့ခဲ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး စုပေါင်းတိုင်းတရားရုံးရှေ့မှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ၊ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဆန္ဒပြခဲ့ကြပါတယ်။