ရခိုင်ဆရာတော်၏ ရှေ့နေ နှစ်ဦးကို တရားရုံးက ပါဝါ ရုပ်သိမ်း

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် အရှင်ပညာစာရရဲ့ ရှေ့နေ နှစ်ဦးကို တရားရုံးက စက်တင်ဘာ ၂၂ ရက် မနေ့က ရှေ့နေပါဝါ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

0:00 / 0:00

ဆရာတော်ဦးပညာစာရရဲ့ အမှုကို စစ်တွေတရားရုံးမှာ စစ်ဆေးနေရာ အစိုးရဖက်က တရားလိုပြ သက်သေတွေကို ခေါ်ယူစစ်ဆေးနေမှုနဲ့ ပတ်သက်ပြီး အဲဒီရှေ့နေ နှစ်ဦးက ကန့်ကွက်ခဲ့တဲ့အတွက် တရားသူကြီးက သူတို့ရဲ့ ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းလိုက်တာ ဖြစ်ကြောင်း ဆရာတော်ရဲ့အမှုကို အနီးကပ် လေ့လာနေတဲ့ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“တရားရုံးမှာ အခု ဆရာတော်ဘုရားရဲ့ တရားခံပြ သက်သေတွေကို စစ်ဆေးနေပြီ။ ဟိုတနေ့ တရက်နှစ်ရက်လောက်က ရှေ့နေမ မရှိဘူး။ မရှိဘူးဆိုတော့ သူ့မှာ ရှေ့နေမလေး နှစ်ယောက်ရှိတယ်။ အဲဒီ သူတို့ နှစ်ယောက် မရောက်တဲ့အခါမှာ တရားရုံးက တရားလိုပြ သက်သေတွေကို တနေ့ကို ၇ ယောက်၊ ၈ ယောက် အဲဒီလို ခေါ်ပြီး စစ်ဆေးတယ်။ စစ်ဆေးတော့ ဒီကိစ္စဟာ တရားဥပဒေ နည်းလမ်းမကျဘူး၊ အချိန်ကလည်း မရှိတော့ဘူးဆိုတော့ တရားသူကြီးမက မီးထွက်ပြီးတော့လည်း စစ်လို့ရတယ်တဲ့။ အဲဒီတော့ ငါ့ကို စောဒက မတက်နဲ့ ဆိုပြီးတော့ ရှေ့နေမလေး နှစ်ယောက်ကို ပါဝါကို ရုပ်သိမ်းလိုက်တယ်။”

ဆရာတော်ကို အရင်က တနင်္လာ၊ ဗုဒ္ဒဟူး ၊ သောကြာနေ့ တွေမှာ တပတ်ကို ၃ ကြိမ် ရုံးထုတ် စစ်ဆေးနေရာက အခုနေ့စဉ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆရာတော ်ဦးပညာစာရကို စစ်အစိုးရက ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာတော် ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်းအသုံးပြုမှု၊ လိမ်လည်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

အခုလို ဆရာတော်ကို အမှုဆင် ဖမ်းဆီးတဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ရခိုင်လူထုက ဆရာတော်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း စစ်တွေ၊ မင်းပြား၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်အသီးသီးက ဆရာတော် သံဃာတော် ၁၅ ပါးခန့် က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဆီကို စာရေးသား မေတ္တာရပ်ခံထားပါတယ်။ အခုလည်း ရခိုင်ပြည်တွင်းက သံဃာငယ်တွေ စုစည်းပြီး လက်မှတ်ရေးထိုး တောင်းဆိုဖို့ လှုပ်ရှား ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

သံဃာငယ်တွေရဲ့ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စစ်တွေမြို့က သံဃာ အရှင်စန္ဒမုနိနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်