ဒေါ်အောင်ဆန်းစုကြည် ထောင်ကျခံနေရတဲ့ အမှုအတွက် အပြစ်မရှိကြောင်း ဗဟိုတရားရုံးမှာ အထူးအယူခံ တင်သွင်းဖို့ အချိန်နီးကပ်နေပြီ ဖြစ်တာကြောင့် ရှေ့သီတင်းပတ်အတွင်း သက်ဆိုင်ရာက တွေ့ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျွန်တော် ဒီနေ့ စာတစောင် ထပ်တင်တယ်။ အဲ တွေ့ခွင့်တောင်းတာပေါ့။ ဒါနဲ့ အခု မရတာဆိုရင် ရှေ့မှာ တခါ၊ အခုတခါ။ သတင်းတပ်ဖွဲ့မှူးဆီ တင်ပါတယ်။ ကျွန်တော်တော့ လာမဲ့ အပတ်ထဲ မျှော်လင့်တယ်လေ၊ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံက မကြာမတင် ပေါ်တော့မှာဆိုတော့ တွေ့ဖို့လည်း တကယ်လိုအပ်နေတာကိုး။ ဒါကြောင့် မျှော်လင့်ပါတယ်။”
အထူးအယူခံမှုအတွက် အသေးစိတ် ပြင်ဆင်မှုတွေ ပြီးစီးနေပြီ ဖြစ်ပြီး အခုတကြိမ် တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ထံက အတည်ပြုချက် ရယူမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ လျှောက်ထားပြီး သီတင်းတပတ်အကြာမှာ ခွင့်ပြုပေးလေ့ရှိပေမဲ့ အခု ပထမအကြိမ်မှာတော့ တောင်းဆိုထားတာ သီတင်းနှစ်ပတ် ရှိသွားပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေဟာ စက်တင်ဘာ ၆ ရက်နေ့ နောက်ပိုင်း တွေ့ဆုံနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကတော့ သတင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ရှေ့နေဦးဉာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး အထက်က ခွင့်ပြုချက် ရရှိတာနဲ့ တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
