လက်ပံတောင်းတောင် ဒေသခံများ သံဆူးကြိုးများ ဖယ်ရှားပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအတွက် သိမ်းယူ ထားတဲ့မြေတွေကို သီးနှံလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို တဲ့ ဒေသခံတောင်သူ ၂၀၀ လောက်ဟာ မနေ့က ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးတွေကို ဖယ်ရှားပြီး ကုမ္ပဏီရှေ့အထိ သွားရောက်ဆန္ဒပြကြပါတယ်။

ကုမ္ပဏီရှေ့မှာ ရဲဝန်ထမ်းတွေ သုံးထပ်စီပြီး တားထားတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တုံရွာက တောင်သူ ဒေါ်အမာချို က ပြောပါတယ်။

"ခရိုင်အုပ်ချုပ်ရေးမှူးက မတားဘူးလို့တော့ပြောတာပဲ၊ ခုထိတော့ တားထားတာပဲ၊ အထဲကိုဝင်လို့မရပါဘူး၊ သံဆူးကြိုးတွေကာထားပါတယ်၊ တရုတ်နှစ်သစ်ကူးနေ့ ဆိုတော့ ဒီမှာတရုတ်တွေမရှိကြဘူး၊ ပြန်သွား ကြတယ်"

ဒေသခံတွေက အနက်ရောင်ဝတ်စုံတွေ ဆင်တူဝတ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်၊ ဝမ်ပေါင် ကုမ္ပဏီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံစံစက္ကူရုပ်တွေကို ကုမ္ပဏီရှေ့မှာ မီးရှို့ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တုံရွာ၊ မိုးကြိုးပြင်၊ ဖောင်းတကာကျေးရွာတွေက ဒေသခံတွေ ပါဝင်ပြီး လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ချက်ချင်းရုပ်သိမ်းဖို့၊ သိမ်းဆည်းခံထား ရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ သီးနှံလျော်ကြေးရရှိဖို့၊ ဒေါ်ခင်ဝင်းကို သတ်တဲ့တရားခံ ဖော်ထုတ်ပေးဖို့၊ မီးလောင်ဗုံးတရားခံ အမြန်ဆုံးဖော်ထုတ်ပေးဖို့ စတဲ့ကြွေးကြော်သံ တွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကြောင့် တုံရွာ၊ မိုးကြိုပြင်၊ ဖောင်းတကာ စတဲ့ကျေးရွာအုပ်စုက လယ်ယာမြေတွေဟာ ဝမ်ပေါင်ကုမ္ပဏီခြံစည်းရုံးခတ်တဲ့အထဲ ပါသွားပြီး အခုချိန်အထိ လျော်ကြေးမရသေးတဲ့အတွက် ဆန္ဒပြတောင်းဆိုနေ တာလို့ သိရပါတယ်။

အခု တောင်သူတွေ တောင်းဆိုနေတာက ၂၀၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးဖြစ်ပြီး ၂၀၁၄ ခုနှစ်က သီးနှံလျော်ကြေး တစ်ဧကကို ကျပ် နှစ်သိန်း ကနေ လေးသိန်းအထိ ရရှိတယ်လို့သိရပါတယ်။