တုံရွာအနီးက သပိတ်စခန်းရွေ့ပေးဖို့ အကြောင်းကြားခံရ

လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းရေးအတွက် တုံရွာအနီးမှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို ရွေ့ပြောင်းပေးရေးအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက အကြောင်းကြားစာတစ်စောင် မနေ့မနက်ပိုင်းက လာပို့သွားပါတယ်။

အကြောင်းကြားစာမှာ သပိတ်စခန်းဟာ လမ်းဧရိယာမှာ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ရေးထားပါတယ်။ အကြောင်းကြားစာဟာ မတ်လ ၁၃ ရက်နေ့ နေ့စွဲတပ်ထားတယ်လို့ တုံရွာသပိတ်စခန်းမှာရှိနေတဲ့ ကိုဟန်ဝင်းအောင်က ခုလိုပြောပါတယ်။

“ဒီ ၁၃ ရက်နေ့နေ့စွဲနဲ့ ဒီနေ့ကတော့ ၁၅ ရက်နေ့ပေါ့၊ ဆားလင်းကြီး ညောင်ပင်ကြီးလမ်းမဘေးက သပိတ်စခန်းကို လမ်းနယ်နိမိတ်အတွင်းမှာ ကျရောက်နေတဲ့အတွက် ဖယ်ရှားပေးရေး အသိပေးအကြောင်းကြားတဲ့ စာလာပေးသွားတယ်၊ ဆားလင်းကြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာလက်မှတ်နဲ့ အဲ့ဒီမှာလမ်းမကြီးများ ဥပဒေဆိုပြီးတော့ ပူးတွဲပါတယ်၊ အဲ့ဒီဥပဒေစာအုပ်ကြီးလည်းပါတယ်၊ အဓိကကတော့ ဘယ်နေ့ဘယ်ရက်ရွေ့ပေးရမယ်၊ ဘယ်နေရာကို ပြောင်းပေးရမယ်ဆိုတာမပါဘူး ”

တုံရွာသပိတ်စခန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၉ရက်နေ့က အာဏာပိုင်တွေက သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တဲ့စခန်းဖြစ်ပါတယ်။ စခန်းမှာ နေ့ပိုင်းဆန္ဒပြသူ ၅ဝကျော်ခန့်နဲ့ ညဘက်ပိုင်းမှာတော့ ဒေသခံ ၁ဝဝကျော် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာလို့ဆိုပါတယ်။ အလားတူဒေသခံတွေဟာ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်နှစ်တောင်ကို သိမ်းပိုက်ထားပြီး သပိတ်စခန်းတွေအသီးသီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။