ပင်လယ်ပြင်မှာ လှေတွေနဲ့ မျောပါနေကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ စာတစ်စောင်ကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး John Kerry ထံ မနေ့က ပေးပို့ခဲ့ကြပါတယ်။
ဒိမိုကရက်တစ်အမတ် Joe Crowley နဲ့ ရီပါဘလီကင် အမတ် Steve Chabot တို့က အောက်လွှတ်တော် အမတ် ၂၁ ဦးနဲ့အတူ စာရေးသားတိုက်တွန်းခဲ့ကြ တာပါ။
ပင်လယ်ပြင်မှာမျောပါနေကြတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေအပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ထပ်မံဆောင်ရွက်ဖို့အပြင်၊ လက်ရှိမြန်မာအစိုးရက ချမှတ်ထားတဲ့ ဘာသာရေး ခွဲခြားတဲ့ဥပဒေတွေ၊ တရားဝင်မူဝါဒတွေ စတဲ့ ဒီပြဿနာရဲ့အကြောင်းခံ ဇစ်မြစ်တွေကို ဖေါ်ထုတ်ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့ပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ရင် ဒုက္ခသည်လှေတွေရဲ့ ဂြိုဟ်တုဓါတ်ပုံတွေ၊ ပင်လယ်ပြင်လမ်းကြောင်းပြ ကောင်းကင်မြေပုံတွေ ထုတ်ပြန်ပေးဖို့နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေကိုလည်း ဒုက္ခသည်တွေကိုလက်ခံဖို့ တိုက်တွန်းပေးစေလိုကြောင်း၊ အန်ဒမန်ပင်လယ်ပြင် ကို ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေရဲ့ သချိၤုင်းဖြစ်သွားမယ့်အရေးက ကာကွယ်တားဆိးပေးဖို့လည်း ပေးစာ မှာဖေါ်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf ကလည်း ဒုက္ခသည်တွေအတွက် ငွေရေးကြေးရေး အရ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးမှာဖြစ်သလို၊ ဒုက္ခသည်တွေကို လက်ခံဖို့လည်း စဉ်းစားထားတယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။
