စာရေးဆရာ ညီပုလေး၊ စာနယ်ဇင်းသမား မင်းထက်ငြိမ်းချမ်းနဲ့ ဥက္ကာကျော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်ဝင်းအောင်၊ ဦးလှမိုး၊ ဦးချစ်တင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်အမာနီ၊ ကိုစောလှအောင်၊ ကိုဘကြီးအောင် စတဲ့သူတွေအပါအဝင် (၁၀) ဦးကျော်လောက်ကို ဒီမနက် (၅) နာရီလောက်ကတည်းက မန္တလေးတောင်ခြေမှာရှိတဲ့ အထူးရဲတပ်ဖွဲ့ရုံးက ခေါ်ယူမေးမြန်းနေကြောင်း သိရပါတယ်။
မေးမြန်းခံရပြီးတဲ့နောက် အိမ်ပြန်ရောက်လာသူ စာရေးဆရာ ညီပုလေးက အခုလိုပြောပါတယ်။
" ၈ နာရီမထိုးခင်ကစပြီး အခမ်းအနားစလိုက်တာ ၁၂:၂၀ လောက်မှာ ကျွန်တော်ပြန်ခဲ့ပါတယ်။ မန္တလေးမှာ ၂ ရက်လုပ်သွားတဲ့ ဖယောင်းတိုင်မီးထွန်းပြီးတော့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲမှာ ဘယ်သူတွေ ဦးဆောင်တာလဲ၊ နောက်ကွယ်က ဘယ်အဖွဲ့အစည်းတွေပါသလဲ၊ သိရင်ဖြေပါလို့မေးတာပါ။ စီတန်းလှည့်လည်တဲ့ ဆန္ဒပြတဲ့ ဥပဒေမူကြမ်းကတော့ ရေးလို့မပြီးသေးဘူး ဆိုတာတော့ ထည့်ပြောသွားတယ်။ ကျွန်တော်တွေ့တာက ၇ ယောက်လောက်ရှိတယ်ခင်ဗျ။ ကျန်နေတုန်းပဲ။ ကျွန်တော်တချို့ကိုထွက်တော့မှ တွေ့ရတာ"
(၂) ရက်ဆက်တိုက် ဆန္ဒပြနေတဲ့ ကုန်ဈေးနူန်းကျဆင်းရေးအဖွဲ့မှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်ကိုလည်း ရဲမှူးကြီး ဦးဝင်းစိုးမြင့်က ခေါ်ယူပြီး ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့သေးကြောင်း ကိုသိန်းအောင်မြင့်က ဒီမနက် (၈) နာရီခန့်က RFA ကို အခုလို ပြောခဲ့ပါတယ်။
"လျှပ်စစ်ဝန်ကြီးကလည်း မီးတွေပေးမယ်လို့ ပြောပြီးပြီ။ အဲတော့ ခင်ဗျားတို့ ပြန်ပါလို့ ကျွန်တော်ကို ပြောတယ်ခင်ဗျ။ ကျွန်တော်က အဲတာတော့ မဖြစ်နိုင်ဘူးလို့၊ ကျွန်တော်တို့ ငြိမ်းချမ်းစွာ တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒီဖယောင်းတိုင်ကုန်မှ ကျွန်တော်တို့ ပြန်မယ်လို့ ကျွန်တော်အဲဒီလိုပြောခဲ့တယ်ခင်ဗျ။ သူနောက်ဆုံး ကျွန်တော်တို့ကို လိုက်လျောလိုက်ပါတယ်။ခင်ဗျားတို့ ဒီဖယောင်းတိုင်ကုန်ရင် ဆက်ပြီးမလုပ်ပါနဲ့တဲ့ သူကပြောတယ်။ ကျွန်တော်တို့လည်း လက်ခံပေးလိုက်ပါတယ်"
ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကိုသိန်းအောင်မြင့်ကို ရဲက ထပ်မံခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အခုလို ခေါ်ဆောင်သွားတာဟာ ဒီကနေ့ည မန္တလေးမှာ မီးရရှိရေးဆန္ဒပြပွဲ ဆက်လက်ကျင်းပမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မြတ်စိုး ပေးပို့ခဲ့တာပါ။