ကျောက်ဖြူမြို့နယ်ကနေ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့်် ဦးဝေခိုင်အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်နဲ့ အမျိုးသားညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့ဘူးတဲ့ ဦးထွန်းသွေးတို့ဟာ ကျောက်ဖြူမြို့နယ်အတွင်း စည်းရုံးဟောပြောနေရာမှာ အောက်တိုဘာလ ၈ ရက်နေ့ သောကြာနေ့ မနက် ၁၀ နာရီလောက်က စံပြကျေးရွာအုပ်စုကနေ အပြန်မှာ မိုးကြိုးပစ်ခံရတယ်လို့ ကျောက်ဖြူမြို့ခံတဦး ဖြစ်တဲ့ ဦးထွန်းမောင်က RFA ကို ပြောပါတယ်။
“ဖြစ်တာကတော့ သူတို့က အမှတ် ၈ နယ်မြေ စည်းရုံးရေးဆင်းတယ်၊ ပြီးတော့ သူက ပြန်လာပြီးပေါ့နော်၊ လဟာကြီးရွာဆိပ်ကမ်းကနေ စက်လှေထွက်တဲ့အချိန်မှာ သူတို့ မိုးကြိုးပစ်တယ်၊ ကျန်တဲ့ ခရီးသည် သုံးလေးယောက်ပါတယ်ဗျား။ စက်လှေသမားတွေလည်း ပါတယ်၊ ဒါပေမဲ့ သူတို့က အဲဒီမှာ သုံးယောက်ပဲ မိုးကြိုးပစ်တာမှာ ပါသွားတယ်၊ ပါသွားတော့ သုံးယောက်စလုံးကို သူတို့ ဆေးရုံတင်တယ်၊ အဲဒီမှာ သုံးယောက်က နှစ်ယောက်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါ့ ကြံ့ဖွံ့က ဦးဝေခိုင်ရယ်၊ နောက် အမျိုးသား ညီလာခံ တက်ခဲ့တဲ့ ဦးထွန်းသွေးရယ်ကတော့ သက်သာသွားတယ်၊ နောက်တယောက်ဖြစ်တဲ့ ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ကတော့ လုံးဝ သူက ခေါင်းကို လုံးဝ ထိသွားတော့ အဲဒီမှာ ၈ ဒဏ်ချုပ်ရတယ်၊ ချူပ်ပြီးမှ သူဆေးရုံမှာ သုံးလေးရက်နေပြီးမှ ပြန်လာတယ် ဒါပေမဲ့ ပုံမှန်တော့ ဖြစ်မလာတော့ဘူး။”
သူတို့သုံးဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စံပြကျေးရွာအုပ်စု အတွင်းက လဟာကြီး၊ လှံဖျောက်၊ ရွာသစ်၊ ကွင်းချောင်း၊ ချောင်းကြီးဖျား စတဲ့ ကျေးရွာပါတီရုံးတွေမှာ ပါတီဝင်တွေကို ဟောပြောပွဲ လုပ်ခဲ့ပြီး မင်းဂန်ချောင်းကနေ ကျောက်ဖြူမြို့ကိုပြန်ဖို့ စက်လှေနဲ့ အသွားမှာ မိုးကြိုးပစ်ခံရတာလို့လည်း ဆက်ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်တွေ အခုလို မိုးကြိုးပစ်ခံခဲ့ရပြီးနောက် ပါတီစည်းရုံးရေးဆင်းမှုတွေ ရပ်တန့်သွားခဲ့တယ်လို့ ဦးထွန်းမောင် က ဆက်ပြောပါတယ်။
“စည်းရုံးရေးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်ခင်ဗျ၊ အခု လုံးဝ စည်းရုံးရေး မြို့နယ်က မဆင်းဘူး၊ သူတို့ မြေညီတွေမှာရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ သူတို့ ကြံ့ဖွံ့အဖွဲ့ဝင်တွေတောင်မှ သူတို့ စိုးရိမ်နေတယ်ပေါ့နော်၊ ဒါဟာ သူတို့ ဒီစက်လှေမှာ ကျန်တဲ့ ခရီးသည်တွေ အတူတူပါလာတယ်ပေါ့နော် မိုလုပ်သမားတွေ စက်လှေသမားတွေလည်းပါရဲ့နဲ့ ဒီကြံ့ဖွံ့ကိုမှ တမင်တကာ ရွေးပြီးတော့ မိုးကြိုးပစ်သလို ဖြစ်နေတယ်ပေါ့နော်။ အနေအထားက အဲဒီအပေါ်မှာ သူတို့ စိုးရိမ်မှုတွေ ရှိနေတယ်။”
ကျောက်ဖြူမြို့နယ်အတွင်း အဓိက ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေကတော့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီတို့ ဖြစ်ကြောင်း သိရပါတယ်