မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ လတ်တလော စိုးရိမ်စရာမရှိသေးပေမဲ့ လိုအပ်လာရင် ပြည်သူတွေအတွက် အရေးပေါ်သတိပေးချက်တွေကို အဆင့်လိုက် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးသွားမယ်လို့ နေပြည်တော် သမ္မတရုံးက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က အင်တာနက်က တဆင့်ဖြန့်ချိခဲ့တဲ့ ၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်မှာ အိန္ဒိယမှာ Al-Qaeda အဖွဲ့ ခွဲဖွဲ့စည်းတာဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယားက မွတ်စလင်တွေအတွက် ဂုဏ်ယူဖွယ်ရာ သတင်းကောင်းဖြစ်ပြီး၊ မမျှတမှု၊ ဖိနှိပ်ခံရမှုတွေက လွတ်ကင်းအောင် အဲ့ဒီတပ်ဖွဲ့သစ်က ကယ်တင်မှာဖြစ်တယ်၊ မွတ်စလင်တွေ တစ်စုတစ်စည်းတည်းဖြစ်အောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က ပြောဆိုခဲ့ပါတယ်။
အယ်လ်-ဇာဝါဟရီရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က နိုင်ငံတော်သမ္မတရုံးကို မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အမည်မဖော်လိုသူ သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက အခုလို ပြောကြားခဲ့ပါတယ်။
"ထိန်းချုပ်မှှုအဆင့်အလိုက် အရေးကြီးရင်ကြီးသလိုပေါ့နော်၊ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေက ဆောင် ရွက်နေတာရှိပါတယ်၊ တကယ်တမ်း အရေးကြီးပြီးတော့ သတိပေးရတဲ့အဆင့်ပေါ့နော်၊ ဥပမာပြော ရရင် အရောင်သက်မှတ်ချက်လိုပေါ့၊ အစိမ်း၊ လိမ္မော်၊ အနီ ပေါ့နော်၊ ဒီလိုမျိုးအရေးကြီးတဲ့ အဆင့် အလိုက် ဆိုရင်တော့ ပြည်သူလူထုကို အသိပေးသင့်တာ ပေးသွားမှာပါ၊ သာမန်အားဖြင့်တော့ ပြည်သူ လူထုအနေနဲ့ ဘာမှစိုးရိမ်စရာမရှိဘူး၊ သို့သော်လည်းပဲ မိမိတို့ ပတ်ဝန်းကျင်မှာ မြင်ရ၊ တွေ့ရ၊ ကြားရ၊ သိရတဲ့ မသင်္ကာဖွယ်ရာတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာဒေသမှာရှိတဲ့ တာဝန်ရှိသူတွေဆီကို အမြန်ဆုံးဆက်သွယ်သွားဖို့၊ ပြည်သူများအနေနဲ့ လုံခြုံရေးသတိရှိဖို့၊ အဓိကကတော့ ဒီဟာကို ကြေညာ လိုက်လို့လည်း ကျနော်တို့ နိုင်ငံအနေနဲ့ စိုးရိမ်တကြီး ဖြစ်စရာဖြစ်ဖို့မလိုပါဘူး၊ ဥပမာ ကျနော်တို့ ကနေပြီးတော့ သူတို့ထုတ်ဖော်ပြောကြားတဲ့ဟာက ဒီမှာရှိတဲ့ ပဋိပက္ခမီးကို ပြန်ဖြစ်အောင် မီးမွှေးတဲ့ သဘောမျိုးလို့ပဲ ဖြစ်နိုင်ပါတယ်၊ ဒါကတော့ အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ရှိသူတွေ စောင့် ကြည့်နေပါတယ်"
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကြိုတင်ရိပ်စားသိရှိထားတဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စောင့်ကြည့် လေ့လာ သတိပေးစနစ်အပါအဝင် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ထားခဲ့တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားတဲ့ နိုင်ငံတွေမှာ ဂျီဟတ်အစွန်းရောက်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာအောင် ဘာသာရေးကတဆင့် စည်းရုံး လှုပ်ရှားတဲ့သာဓကတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းကာကွယ် သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာလည်း ဒီသတင်းကြောင့် အချင်းချင်း အကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့လိုကြောင်း၊ အရေး အကြီးဆုံးက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ အခုလို ဂျီဟတ်ကြေညာလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင် တဲ့ဆိုးကျိုးတွေကို အမြော်အမြင်ရှိရှိ ကြိုတင်မျှော်တွေးပြီး မိမိတို့ဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ဖြစ်ကြောင်း၊ သတိရှိဖို့လိုသလို၊ သံသယမကြီးမားကြဖို့၊ စိုးရိမ်မှုလွန်ကဲတာမျိုး မဖြစ်ဖို့လည်းလိုကြောင်း၊ အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟရီရဲ့ စကားတစ်ခွန်းကြောင့် ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးကြောင်း ရေးသားထားပါတယ်။
မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်လာမှုနဲ့ ပတ်သက်လို့ အမည်မဖော်လို တဲ့ သမ္မတရုံးအကြီးတန်း အရာရှိတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း အစ္စလာမ်ဘာသာကို အကြောင်းပြပြီးလုပ်တဲ့ ဘယ်လိုအကြမ်းဖက်မှုမျိူးကိုမဆို အပြင်းအထန် ကန့်ကွက်တယ်လို့ ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင် က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေထဲ ဂျီဟတ်မွတ်စလင် အစွန်းရောက်လှုပ်ရှားမှုကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဌာနခွဲတစ်ခုကို အိန္ဒိယနိုင်ငံထဲမှာ အသစ်ဖွင့်လှစ်ထားပြီလို့ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင်က ကြေညာလိုက်တာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းစဉ် အခုလိုပြောလိုက်တာပါ။
ဦးအုန်းမောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
