ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးမှူးရွေးဖို့ ရပ်ကွက်နေပြည်သူများ တောင်းဆို

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက် မှာ ရပ်ကွက်တွင်း ပြည်သူတွေကို အသိမပေးပဲ အထက်အာဏာပိုင်တွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပဏာမ ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို လက်မခံနိုင်ကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သား ၂၅၀၀ ကျော် စုပေါင်း လက်မှတ်ထိုးပြီး မြိုနယ်အုပ်ချုပ်ရေးမှူးထံကို ဒီကနေ့ စာတင်လိုက်တယ်လို့ သိရပါတယ်။

2012.09.12

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအရ ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့  သူတို့စိတ်ကြိုက် အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီနည်းကျ ရွေးချယ်ဖို့ မကြာသေးခင် လပိုင်းအတွင်း ပြည်သူ့လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းထားကြောင်း  ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ မှော်ဘီမြို့နယ် ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုအေးလွင်က RFA ကိုပြောပါတယ်။

"လက်ရှိ ရဝတ အဟောင်းတွေ ရှိတာပေါ့။ သူတို့တွေထဲက နေပြီးတော့ ၅ ဦးကို ရွေးချယ်ပေးလိုက်တယ်။ အဲဒီ ၅ ဦးက ရပ်ကွက်က လုံးဝသိတဲ့လူတွေ မဟုတ်ဘူး။ အဲဒီလို လူမျိုးတွေပါနေတယ်။ ဒါကို ရပ်ကွက်က လူတွေက မကျေနပ်ဘူး။ ဒါတွေကို နည်းလမ်းတစ်ခု ရှာကြည့်တယ်ပေါ့။ ဒါဆိုရင် ရပ်ကွက်ထဲမှာ ရှိနေတဲ့ ရပ်မိ ရပ်ဖ ၅ ဦး အစစ်အမှန်ကို ရှာမယ်။ ရှာပြီး ဒီ ၅ ဦးကို ရပ်ကွက်က တအိမ်တက်ဆင်း ကျွန်တော်တို့က လက်မှတ်ထိုးခိုင်းတယ်။ ရပ်ကွက်က လူတွေက လက်ခံပြီး လက်မှတ်ထိုး ပေးတယ်။ အဲဒီလက်မှတ်ကို ကျွန်တော်တို့က မြို့နယ် အုပ်ချုပ်ရေးမှူးဆီ တင်ပေးလိုက်တယ်။ ဒါကို သူလက်ခံမလား။ လက်မခံဘူးလား အဖြေတစ်ခုတော့ မေးရမယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ် (၁၀၄) ရပ်ကွက်မှာ အလားတူပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ရပ်ကွက်က မနှစ်သက်တဲ့သူကို အများပြည်သူ မသိအောင် ရွေးချယ် လိုက်တဲ့အတွက် ရပ်ကွက်သူ ရပ်ကွက်သားတွေ ကန့်ကွက် ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ တရားဝင် ခွင့်ပြုမိန့် လျှောက်ထား တောင်းခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။