ရေကာတာစီမံကိန်းတွေ ဖျက်သိမ်း ဖို့ မြစ်ဆုံဒေသခံတွေ တောင်းဆို

0:00 / 0:00

0:00 / 0:00

ဧရာဝတီမြစ်ဆုံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားမှာ မြစ်ဆုံစီမံကိန်း အပါအဝင် ရေကာတာစီမံကိန်းအားလုံးကို အကောင်အထည်မဖော်ဖို့ ဒေသခံတွေက အစိုးရသစ် ကို တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ ဒေသခံတွေ စုပေါင်းကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားမှာ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ဒေသခံအားလုံးကိုယ်စား တောင်းဆိုလိုက်တာဖြစ်ပါတယ်။

"NLD အစိုးရကလည်း ဒီမြစ်ဆုံစီမံကိန်းကို၊ မြစ်ဆုံနားမှာ ဆောက်တဲ့စီမံကိန်းကို ပြည်သူလူထု ကန့်ကွက်တယ် တဲ့၊ မြစ်ဆုံမှာမလုပ်ဘဲနဲ့ တခြားနေရာမှလုပ်မယ်ဆိုပြီး အဲ့လိုသတင်းကြားရတယ်၊ ကျမတို့ ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေလည်းမရှိဘူး၊ ကျမတို့ကတော့ ရေကာတာကို လုံးဝကန့်ကွက်တယ်၊ မလုပ်စေချင်ပါဘူး၊ ကျမတို့ရဲ့ မေခ၊ မလိခအထက်မှာရော ဧရာဝတီရဲ့ အထက်မှာရော သန့်သန့်ရှင်းရှင်းပဲ ဧရာဝတီနဲ့ မေခ၊ မလိခ မြစ်ချောင်းတွေအားလုံးကို သဘာဝအတိုင်းပဲ စီးဆင်းစေလိုပါတယ်၊ ကျမတို့က မြစ်ဆုံစီမံကိန်းကိုသာမက အခြားစီမံကိန်းကိုလည်း ကန့်ကွက်နေပါတယ်"

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ လဖျဲ့ကထောင်၊ မလိယန်၊ မြစ်ဆုံစတဲ့ ကျေးရွာတွေကနေ အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေ့နေထိုင်နေရတဲ့ ဒေသခံရွာသားတွေ စုပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ဒေသခံတွေနဲ့ ဧရာဝတီမြစ်ဆုံအရေး စိတ်ဝင်စားသူ ငါးရာဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ ဟိန္ဒူ နဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေ၊ ဓမ္မဆရာတွေဟာ ဧရာဝတီမြစ် ကမ္ဘာတည်သရွေ့ အေးချမ်းစွာစီးဆင်းနေစေဖို့ ဆုတောင်းခဲ့ကြပါတယ်။

တက်ရောက်လာသူတွေကလည်း ဧရာဝတီ အမှတ်တရတေးသီချင်းတွေ သီဆိုခဲ့ကြပြီး၊ ကချင်ရိုးရာဝါးခွက်တွေနဲ့ ဧရာဝတီမြစ်ရေကို ခပ်ယူသောက်သုံးကြသလို၊ နှင်းဆီးပန်းတွေကိုလည်း ဧရာဝတီမြစ်တွင်း မျှောလွှတ်ခဲ့ကြ ပါတယ်။

အလားတူ အခမ်းအနားတွေကို ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်နဲ့ ကယားပြည်နယ် ဖာဆောင်းမြို့နယ်တို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီ မြစ်ဆုံ၊ ကယားပြည်နယ် ဖားဆောင်းမြို့နဲ့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်တို့မှာ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်ကလည်း ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။ ကွန်ရက်အဖွဲ့ဝင် စောဂျွန်ဘရိုက် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။