ချင်းပြည်နယ်မှာ အဓမ္မငွေကောက်

ချင်းပြည်နယ်နဲ့ မြေပြန့်ဒေသ ဆက်သွယ်ထားတဲ့ ဟားခါး -မှန်တောလမ်း ဖောက်လုပ် ပြီးစီးခဲ့ပြီး မကြာခင် ရက်ပိုင်းကမှ လမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ပေမဲ့ အဲဒီလမ်းဖောက်လုပ်ရာမှာ ကုန်ကျ စရိတ်တွေ အကြွေးတင်နေတဲ့အတွက်ဆိုပြီး ဟားခါးမြို့ပေါ်က ဒေသခံတွေဆီက အဓမ္မ တောင်းယူနေကြောင်း သိရပါတယ်။

အဲဒီလမ်းကို ဒေသခံတွေရဲ့ လုပ်အားနဲ့ အဓမ္မခိုင်းစေပြီး ဖောက်လုပ်ခဲ့ပေမဲ့ ဆည်မြောင်းဌာန က စက်ယန္တရားတွေကို အသုံးပြုရတဲ့အတွက်ကြောင့် ကုန်ကျတဲ့ လောင်စာဖိုး အကြွေးတွေ ပေးဖို့ဆိုပြိး မယက ဥက္ကဋ္ဌ အမိန့်နဲ့ ရပ်ကွက် ရယက အဖွဲ့ဝင်တွေက အဓမ္မ တောင်းခံနေတာ ဖြစ်တယ်လို့ ဟားခါးမြို့က ချင်းအမျိုးသားကြီးတဦး က ပြောပါတယ် ။

“မှန်တောလမ်းကြီးကလေ မှန်တောလမ်းက ဖွင့်ပြီးပြီဆိုပေမဲ့ မယက ဥက္ကဋ္ဌကနေ အတင်း အကြွေးရှိတယ်၊ ကျပ်ငွေ သိန်းပေါင်း ၂၀ဝ ကျော် အဲဒါကို ဒါ ကားသမားတို့ ၊ လုပ်ငန်းရှင်တို့ ဈေးသည်ဘာတို့ညာတို့ကို ၂ သိန်း ၁ သိန်း ၃ သိန်း စသဖြင့် အတင်းအခုကောက်နေတယ် ဆည်မြောင်းစက်နဲ့ တူးတာ အဲဒါ ဆီဖိုးတို့ ဘာတို့ တောင်းတာ နှုတ်နဲ့ပဲ ပြောတာ။ အခုသူတို့တောင်းတုံးပဲ။ ပေးတဲ့သူကတော့ ပေးတယ်။”

အဲဒီ လမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက လမ်းဟောင်းဖြစ်ပြီး ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကို ကားလမ်းပေါ်မှာ ရှိတဲ့ မှန်တောရွာနဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ် ။

အဲဒီလမ်းကို ပြန်လည် အသုံးပြုဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဟားခါး နဲ့ ထန်တလန်မြို့နယ်တွေက ဒေသခံတွေကို အဓမ္မ လုပ်အားပေး ခိုင်းစေပြီး ဖောက်လုပ်ခဲ့ပါတယ် ။

အဲဒီလမ်း ဖောက်လုပ်ပြီးစီးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာထဲမှာ ဖွင့်ပွဲအခမ်းအနားနဲ့ ဖော်ပြခဲ့ပေမဲ့ လက်တွေ့မှာတော့ ဆိုင်ကယ်တောင်မှ သွားလို့မရသေးဘူးလို့ သိရပါတယ် ။