ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြန်မာ ဘင်္ဂလားဒေ့ချ်နယ်စပ် နယ်ခြားမှတ်တိုင် ၅၂ အနီး၊ မနေ့ကဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီး ပျောက် ဆုံးနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်သား (၂)ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ တိုက်ပွဲမှာဒဏ်ရာ ရရှိခဲ့တဲ့ ဒု ရဲအုပ် နွေဦးမောင် က ပြော ပါတယ်။
ခြုံခိုအတိုက်ခံရတဲ့ မြန်မာရဲတပ်ဖွဲ့ဟာ နယ်ခြားမှတ်တိုင် ၅၂ နဲ့ ၅၃ ကင်းစခန်းက ဖြစ်ကြပြီး အရာရှိတဦးအပါ အဝင် စုစုပေါင်း (၇) ဦးဖြစ်ပါတယ်။ တိုက်ပွဲမှာ မြန်မာ ရဲတပ်ဖွဲ့က ၄ဦးကျဆုံး၊ အရာရှိတစ်ဦးဒဏ်ရာရပြီး ၊(၂)ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပျောက် ဆုံးနေသူတွေကို မနေ့ က ပြန်တွေ့ခဲ့ကြောင်း၊ ဒါ့အပြင် ကျဆုံးသွားသူတွေရဲ့ အလောင်းတွေကို နယ်မြေခံ စစ်တပ်က သွားရောက်ကောက်ယူခဲ့ရာမှာ အလောင်းတွေအောက်မှာ မိုင်းထောင်ထားတာတွေ့ ရကြောင်း မောင်းတော ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒုရဲအုပ် နွေဦးမောင်က ပြောပါတယ်။
"နှစ်ယောက်ကတော့ပြန်တွေ့တယ်လေ တွေ့တော့သူတို့လည်း ဆုတ်တယ် အောက်ဘက်အထိ ဆုတ် သွားနိုင်လို့ ပြန်တော့တွေ့တယ်ဗျ၊၅၃ စခန်းက နှစ်ယောက်ခင်ဗျ၊အလောင်းတော့ ပြန်ကောက်လို့ရတယ် ခင်ဗျ၊အလောင်းကောက်ဖို့ အလောင်းအောက်မှာ ဒီကောင်တွေ မိုင်းထောင်ခဲ့တယ်၊မိုင်းကို စစ်တပ်က မိုင်းရှင်းပြီးမှ အဲ့အလောင်းတွေ ကောက်တယ်လို့ပြောတယ်ဗျ"
တိုက်ခိုက်တဲ့ အဖွဲ့ဟာ လူ ၆ဝ ခန့်ပါဝင်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ဖြစ်နိုင်တယ်လို့ ဒုရဲအုပ်နွေဦးမောင်က ပြောပါတယ်။
မောင်းတောဆေးရုံမှာ ရောက်ရှိနေတဲ့ နယ်ခြားမှတ်တိုင်အမှတ် ၅၃ ကင်းစခန်းက တာဝန်ခံဒုရဲအုပ် နွေဦးမောင် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။