ကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း

လက်ပန်းတောင် ကြေးနီ စီမံကန်းအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြောင်းအလဲ အတော်များများနဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

အရင်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး စာရေးဆရာ မောင်ဝံသတို့ အပြင် တခြားပုဂ္ဂိုလ်တစ်ချို့ ပါရှိခဲ့ပေမယ့် အခု ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ မပါတော့ပါဘူး။

ဒါ့အပြင် အရင်ကြေငြာချက်မှာ ကော်မရှင်ရဲ့ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် ကိုတာဝန်ပေးထားရာကနေ အခုထုတ်ပြန်ကြေငြာချက်မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အငြိမ်းစား သံအမတ်ကြီး ဦးကျော်တင့်ဆွေကို တာဝန်ပေးထားတာ တွေ့ရပါတယ်။

အရင်ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း တာဝန်ပေးအပ်ခံရသူ ၃၀ နဲ့ ဖွဲ့စည်းထားရာက အခုပြင်ဆင်ဖွဲ့စည်းရာမှာ အသစ်ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးသာ ရှိပါတော့တယ်။

အရင်ကြေငြာချက်မှာ လက်ပန်းတောင် ကြေးနီစံမံကိန်း ဆက်လက် ဆောင်ရွက်ရန်သင့် မသင့် အပြင် ဆန္ဒပြမှု ဖြစ်စဉ်တွေနဲ့ ထိမ်းသိန်းမှုအပေါ် အခြေအနေအမှန် ဖေါ်ထုတ်ရန်လို့ အဓိထား ဖေါ်ပြပါရှိခဲ့ပါတယ်။

ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ကြေးနီတောင် စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် ဆိုတဲ့ အချက်ကိုသာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အရင်ကြေငြာချက်မှာ အချက် ၈ ချက်ကို စုံစမ်းလေ့လာပြီး နိုင်ငံတော်သမ္မတထံကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တင်ပြရမယ်လို့ ပါရှိခဲ့ပေမယ့် ဒီကနေ့ဒီဇင်ဘာလ ၃ ရက် ကြေငြာချက်မှာတော့ လာမယ့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးချဲ့ အချိန်ပေးထားတာတွေ့ရပါတယ်။

ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကံကုန်းကျေးရွာသား ဦးဘိုသန်းကို လက်ပန်းတောင်း တောင်ဒေသမှာရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုမျိုးဇော်ကိုက မေးမြန်းထားပါတယ်။

0:00 / 0:00