လက်ပံတောင်းတောင်အရေး ဖမ်းဆီးခံရသူ ၂ ဦး တရားရုံးပြောင်းစစ်ဆေး

0:00 / 0:00

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံရတဲ့ လက်ပံတောင်းတောင်ဒေသက ဆည်တဲရွာသား ၂ ဦးကို သက်ဆိုင်ရာက တားမြစ်မိန့်ကို ချိုးဖေါက်တဲ့အတွက် ပုဒ်မ ၁၈၈နဲ့ တရားစွဲဆိုလိုက်ပြီး အမူစစ်ဆေးဖို့ ဆားလင်းကြီးမြို့နယ်တရားရုံးကနေ ရွှေဘိုမြို့နယ်တရားရုံးကို လွဲပြောင်းလိုက်ကြောင်း မနေ့က ဆားလင်းကြီးမြို့နယ် တရားရုံးက အဖမ်းခံရသူတွေရဲ့ မိဘဆွေမျိုးများကို ပြောပါတယ်။

အဖမ်းခံရသူ ဆည်တဲရွာသား ကိုမောင်စန်းနဲ့ ကိုစိုးသူတို့ နှစ်ဦးကို ဖမ်းဆီးသွားတာ တစ်လကျော်ကြာသွားပြီဖြစ်ပေမယ့် အမှုတင်ခြင်းမရှိသလို ဘယ်မှာဖမ်းထားတယ်ဆိုတာတောင် မသိတာကြောင့် မိသားစုဝင်တွေက ဆားလင်းကြီးမြို့နယ်တရားရုံးကို တတိယအကြိမ်မြောက်သွားရောက်ပြီး မေးမြန်းတဲ့အခါမှာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားကြောင်းနဲ့ တရားရုံးဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် သူတို့ကို ဆားလင်းကြီးမြို့နယ်တရားရုံးမှာ စစ်ဆေးခြင်းမပြုပဲ ရွှေဘိုမြို့နယ်တရားရုံးကို ပြောင်းရခြင်းဟာ ဆားလင်းကြီးမြို့နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက တရားရုံးရဲ့ လုံခြုံရေးအရဖြစ်တယ်လို့ ယူဆထားကြောင်း တရားခံရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

"စွပ်စွဲခံရတဲ့သူတွေဟာတဲ့ မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် သူ့ရဲ့တရားရုံးမှာပဲ စစ်ဆေးစီရင်မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုကို မရနိုင်ဘူးပေါ့နော်၊ တရားရုံးရဲ့လုံခြုံစိတ်ချရမှုကို စိုးရိမ်ရတဲ့အတွက်ဆိုပြီးတော့ သူက စစ်ကိုင်းတိုင်းဒေသကြီး တိုင်းတရားရုံးကို တင်ပြီးတော့မှ ရွှေဘိုခရိုင်ထဲက မြို့နယ်တရားရုံးတစ်ခုခုမှာ စစ်ဆေးစီရင်ဖို့အတွက် ရုံးပြောင်းလျှောက်ခဲ့တယ်လို့ ကျွန်တော်တို့ သိရတယ်ခင်ဗျ"

ဒါပေမယ့် တရားခံတွေကို ဘယ်နေ့စတင်စစ်ဆေးမယ်၊ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အဖမ်းခံရသူ နှစ်ဦးဟာ ဧပြီလ ၂၅ ရက်နေ့က လက်ပန်းတောင်ဒေသခံတွေ စုပေါင်းပြုလုပ်တဲ့ ထွန်းတုံးတိုက်ပွဲပြုလုပ်စဉ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး အဖမ်းခံရတာဖြစ်ပါတယ်။

ရှေ့နေ ဦးစောကျော်ကျော်မင်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။