လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ တောကျောင်းကျေးရွာက ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒေသခံလူထု ၅၀၀ လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့တယ်လို့ ဒေသခံရွာသား ဦးမြင့်ဌေးက RFA ကို အခုလို ပြောပါတယ်။
"မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့မြေယာများ ပြောင်းရွှေ့ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ပါဆိုတဲ့ ဆိုင်းဘုတ်တင်ပွဲကို ကျတော်တို့ ယနေ့ပြုလုပ်နေတာ ဖြစ်ပါတယ်ခင်ဗျ"
ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး အဆိုတွေကို သံပြိုင်ကြွေးကြော်ပြီး ဆိုင်းဘုတ်စိုက်ထူမယ့်နေရာကို ချီတက်ခဲ့ကြတယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်တွေကလည်း ဖောင်းကထာ၊ မိုးကြိုးပြင်၊ ဇီးတော၊ ဆည်တဲ၊ အလယ်ရွာနဲ့ တောကျောင်းရွာတွေမှာ အခုလိုဆိုင်းဘုတ်တင်ပွဲတွေ ကျင်းပခဲ့ကြသလို၊ နောက်ရက်တွေမှာလည်း တခြားရွာတွေမှာ ထပ်မံကျင်းပသွားဖို့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
