လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး ဆန္ဒပြတဲ့ သပိတ်စခန်းကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၅ လပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၅၀၀ လောက်က ဒီကနေ့ အဲဒီဒေသမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
တုံရွာထိပ်ကနေ တရုတ်ဝမ်ပေါင် ကုမ္ပဏီရှိတဲ့ မုံရွာ-ပုသိမ်လမ်းဆုံအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး တုံရွာဒေသခံ ကိုသူရက RFA ကို အခုလို ပြောပါတယ်။
“အခုကျနော်တို့က မြေယာလျော်ကြေးတွေကို မယူတဲ့အတွက်ပေါ့ သူတို့က အတင်းကို ဖိအားပေးတာမျိုးတွေ လုပ်လာတယ်၊ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ကိစ္စကိုလည်း တွန်းလှန်တဲ့ပုံစံမျိုးနဲ့ ဆန္ဒပြပွဲ လုပ်တာပါခင်ဗျ၊ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ၅ လပြည့် အထိမ်းအမှတ်လည်းပါတယ်”
ဒေသခံတွေဟာ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး၊ မီးလောင်ဗုံး တရားခံဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်ပြီး ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ဆားလင်းကြီးမြို့နယ် ရဲစခန်းရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်းဆိုထားချက်တွေကို အာဏာပိုင်တွေဘက်က လိုက်လျောဆောင်ရွက်ပေးလာတဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံရွာဒေသခံ ကိုသူရကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
