လက်ပံတောင်းမှာ ထုတ်မယူတဲ့ လျော်ကြေးတွေနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်


2013.10.01

စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက လျော်ကြေး မထုတ်ကြတဲ့ ဒေသခံတွေ ရဲ့လျော်ကြေးငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူက အာအက်ဖ်အေ ကို ပြောပါတယ်။

မြေယာလျော်ကြေးငွေတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားထုတ်ရမယ်လို့ အစိုးရက တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကို ၁၈၉၄ မြေသိမ်းဥပဒေအတိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲတာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်ကပြောပါတယ်။

"လျော်ကြေးလာထုတ်တာ ၇ဝ ရာခိုင်နှုန်းရှိပြီ၊ သက်သက်ကို လာမထုတ်တဲ့ လူအတွက်ကတော့ သူတို့ရွာရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးစွဲပေးမယ်၊ ကျနော်တို့ ၁၈၉ ၄ မြေသိမ်းဥပဒေမှာ လည်း လျော်ကြေးနဲ့ ပတ်သက်ပြီးတော့မှ ပေးမယ်၊ ပေးလို့လာမယူရင် နောက်ဆုံးကျနော်တို့က ဒေသခံတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ပေးဖို့ပါပါတယ်၊ အဲဒါကြောင့် ကျနော်တို့လုပ်တာ ဥပဒေနဲ့အညီဖြစ်ပါတယ်"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာနဲ့ သီးနှံလျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးတာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ကျေးရွာ ၂၆ ရွာပါဝင်ပြီး ဝက်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေကတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့အတွက် အပြီးတိုင်ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့လည်း ကော်မတီအတွင်းရေးမှူးက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သီးနှံလျော်ကြေးနဲ့ မြေယာလျော်ကြေးကို စက်တင်ဘာလအထိ ကျပ်ငွေသိန်းပေါင်း ရှစ်သောင်းနီးပါး လျော်ကြေးပေးပြီးဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။