လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့၊ မီးလောင်ဗုံး တရားခံတွေ ဖော်ထုတ်ပေးဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် ဒေသခံလူထု ၃ဝဝ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံတွေအနေနဲ့ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါအချက်တွေ အကောင်အထည်မဖော်နိုင်သရွေ့ ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားဦးမယ်လို့ တုံရွာကဒေသခံ ကိုဝင်းမင်းအောင်က RFA ကို ပြောပါတယ်။
"စီမံကိန်းဧရိယာထက် ကျော်လွန်ပြီးတော့ သိမ်းထားတာမျိုး အစီရင်ခံစာမှာ ဖော်ပြထားတယ်၊ ကျနော်တို့ဒေသခံတွေနဲ့ ညှိနိုင်းပြီးတော့ သေချာစိစစ်ပြီး ကျန်တဲ့မြေယာတွေကို ကျနော်တို့ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်၊ ကျနော်တို့လိုချင်တဲ့ အချက်အလက်တွေမရမချင်း ဒီစီမံကိန်းကြီးကို လက်မခံနိုင်ပါဘူး"
ဆန္ဒပြသူတွေဟာ တုံရွာကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အချက်တွေထဲက လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်စစ်တမ်းကို ပညာရှင်တွေ လက်ခံတဲ့အနေအထားဖြစ်အောင် ဆောင်ရွက်ပေးဖို့ကိုလည်း ဒီကနေ့ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။