မုံရွာခရိုင် ကြေးနီစီမံကိန်းနယ်မြေက လက်ပံတောင်းတောင်ခြေမှာ ဧပြီလ ၂၅ ရက် မနေ့က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်ရာကနေ အဖမ်းခံထားရသူ ၃ ဦးကို ပြန်လည်လွှတ်ပေးဖို့ ဒီကနေ့ဧပြီလ ၂၆ ရက်နေ့မှာ ရာနဲ့ချီတဲ့ ဒေသခံတောင်သူ လယ်သမားတွေက ချီတက်တောင်းဆိုကြပါတယ်။
မနေ့က ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအဝင် ဒေသခံ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ဒီနေ့လယ်သမားတွေဟာ ကြေးနီစီမံကန်းအနီး တုံရွာထိပ်ကနေ ညောင်ပင်သာရဲစခန်းအထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြရာမှာ ဝက်မှေး-ကန်တောရွာသစ်ကြီးထိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်တဲ့ ဒေသခံတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်လာတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ တားမြစ်ရတာဖြစ်တယ်လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းက ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအဝင် ဒေသခံ ၂ ဦး အဖမ်းခံထားရတယ်လို့သိရပါတယ်။
အလယ်ရွာဒေသခံ ကိုဇော်နိုင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
လယ်သမားတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက်က ကိုလတ်ကို ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
