စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူတဲ့ လယ်သမားတချို့က သူတို့လယ်ယာမြေမှာ ထွန်ယက်တာကို ဒေသခံအာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
လျော်ကြေးငွေမယူတဲ့ လယ်သမားတစ်ချို့ဟာ သူတို့ပိုင်မြေကွက်တွေထဲမှာ မနေ့က ဧပြီလ ၁၉ ရက်နေ့မှာ လယ်ထွန်ယက်တာကို အာဏာပိုင်တွေဖက်က သက်ဆိုင်ရာကို စာတင်ပြီးမှသာ ထွန်ယက်ဖို့ပြောဆိုတားမြစ်ခဲ့တာပါ။
သူတို့ဟာ လျော်ကြေးမယူထားသူတွေ ဖြစ်တာကြောင့် ထွန်ယက်စိုက်ပျိုးခွင့်ရှိတယ်လို့ မိုးကြိုးပြင်အလယ်ရွာက ကိုဇော်မင်းက ခုလိုပြောပါတယ်။
“မိုးကြိုးပြင်အလယ်ရွာက ကျနော့်ရဲ့ဦးလေးက သူ့ယာခင်းကို ထွန်တဲ့အချိန်မှာ မြို့နယ်မှူးက အုပ်ချုပ်ရေးမှူးဆီမှာ စာတင်ပြီးမှသာလျှင် အလုပ်လုပ်ပါလို့ လာတားပါတယ်၊ ကျနော့်ရဲ့ဦးလေးကတော့ ဒီယာမြေဟာ လျော်ကြေးငွေယူထားတာ မဟုတ်တဲ့အတွက် သူ့ယာမြေကို ထွန်မယ်ဆိုပြီးထွန်တာ၊ ကျနော်တို့မြေတွေဟာ လျော်ကြေးငွေ ယူထားတာလည်း မဟုတ်ဘူး၊ ရောင်းတာလည်း မဟုတ်ဘူး၊ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်လုပ်ခဲ့တဲ့ ယာမြေတွေဟာ ဘယ်အာဏာပိုင်ကိုမှလည်း စာတင်ပြီးမလုပ်ခဲ့ရပါဘူး၊ အဲဒါဆိုတော့ ကျနော်တို့မြေယာတွေက ရောင်းထားတာမဟုတ်တဲ့အတွက် ကျနော်တို့က ဘယ်သူတွေပဲလာတားတား ကျနော်တို့လယ်ယာမြေကို ဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်”
ဒေသခံတွေဟာ ကဆုန်လမှာဆိုရင် ပဲစဉ်းငုံ၊ နှမ်း၊ ဂျုံ၊ နေကြာ၊ ခရမ်းချဉ်သီး၊ ကုလားပဲစတဲ့ သီးနှံတွေကို စိုက်ပျိုးကြပြီး တပေါင်းလမှာ ပြန်လည်ရိတ်သိမ်းကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ဒေသခံအာဏာပိုင်တွေ တားမြစ်နေပေမယ့် လျော်ကြေးငွေမယူတဲ့ တောင်သူတွေကတော့ တားမြစ်နေတဲ့ကြားကပဲ ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပြီလို့လည်း ကိုဇော်မင်းက ပြောပါတယ်။
