ပစ်ခတ်မှုအပြီး လက်ပံတောင်းမှာ ဒေသခံ အများအပြား ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မိုးကြိုးပြင်(တောင်)ရွာမှာ မနေ့ညက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာတော့ မိုးကြိုးပြင်(တောင်) ရွာ၊ မိုးကြိုးပြင်(မြောက်)ရွာ၊ မိုးကြိုးပြင် (အလယ်)ရွာနဲ့ ဆည်တဲရွာက ရာနဲ့ချီတဲ့ ရွာသားတွေက ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မိုးကြိုးပြင်(တောင်)ရွာက ကိုဝင်းကျော်က ဆန္ဒပြပွဲမှာတောင်းဆိုခဲ့တဲ့ အချက် ၅ ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့အဓိက တောင်းဆိုချက်တွေကတော့ ရဲကင်းတဲများ ဖယ်ရှားပေးရေး၊ မတရားဖမ်းဆီးခံရသူများ ချက်ခြင်းလွှတ်၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ချက်ခြင်းရပ်၊ ပြည်သူ့ရဲတွေ ပြည်သူ့ဘက်ကရပ်တည်ပေး၊ ရဲနဲ့ပြည်သူ ရန်တိုက်ပေးတဲ့ ဦးပိုင်ဝမ်ပေါင် အလိုမရှိ အဲဒီအချက် ၅ ချက်နဲ့ တောင်းဆိုပါတယ်”

မနေ့ညက ပစ်ခတ်မှုတွေကြောင့် ရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကတော့ ဘယ်ဘက်ရင်အုံကို သေနတ်ထိမှန်ခဲ့တာကြောင့် အခြေအနေစိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိခဲ့ပေမဲ့ ဆေးရုံကိုသွားရောက်ပြီး ဆေးကုသမှုခံယူရင် ဖမ်းဆီးအရေးယူမှာစိုးရိမ်လို့ တိုင်းရင်းဆေးဆရာနဲ့ပဲ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီနေ့ဆန္ဒပြတောင်းဆိုပွဲကို အာဏာပိုင်တွေဖက်က တစ်စုံတစ်ရာ လာရောက်တားမြစ်တာတွေမရှိဘူးလို့ သိရပါတယ်။