မြေယာလျော်ကြေးကို တုံရွာက တောင်သူတွေ ငြင်းဆန်

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက မြေယာလျော်ကြေး မယူထားသူတွေကို မြေတစ်ဧက ကျပ် ၂၈ သိန်းနှုန်းနဲ့ ပေးလျော်တာကို လက်ခံဖို့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီ က ကမ်းလှမ်းပေမယ့် ဒေသခံတောင်သူတွေက ငြင်းဆန်လိုက်ပါတယ်။

ဒီကနေ့ ဝမ်ပေါင်ကုမ္ပဏီ ဆက်ဆံရေးရုံးမှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တုံရွာအုပ်စုက မြေ ယာလျော်ကြေး မယူထားတဲ့ ဒေသခံတောင်သူ ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်တယ်လို့ တွေ့ဆုံ ပွဲကို တက်ရောက်ခဲ့တဲ့ တုံရွာက မစန္ဒာက ပြောပါတယ်။

"လယ်ယာမြေတွေ မရောင်းလိုက်တဲ့ မြေတွေအတွက် သီးနှံနစ်နာလျော်ကြေး အဲဒါကို ညှိနှိုင်းတာပါရှင့် ။ မြေယာလျော်ကြေးကတော့ အခုလက်ရှိပေါ့နော် ၂၈ သိန်းပေးတယ်။ ဒါပေမဲ့ ကျမတို့ ဒေသခံတွေက ဒီမြေယာလျော်ကြေး ယူလိုက်ပြီဆိုလို့ရှိရင် သူတို့ရဲ့စာချုပ်က အခုလောလောဆယ် မြေယာလျော်ကြေး ယူထားတဲ့သူတွေက အပြီးအပိုင် စွန့်လွှတ်ကြောင်းစာချုပ်နဲ့ ချုပ်ပြီးမှ ယူရတာ။ အဲဒါကြောင့်မို့လို့ အဲဒီစွန့်လွှတ်ကြောင်းစာချုပ်ကို ကျမတို့က မချုပ်နိုင်တဲ့အတွက် ဒီဒေသခံတွေက မယူကြတာပါရှင့်"

ဒေသခံတွေက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ ဒီနှစ်အတွက် သီးနံှလျော်ကြေးအဖြစ် တစ်ဧကကို ငွေကျပ် ၇ သိန်းနှုန်း ပေးလျော်ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ကုမ္ပဏီဘက်ကတော့ မြေယာလျော်ကြေးပေးဖို့ပဲ ဆွေးနွေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ တွေ့ဆုံခဲ့တဲ့ တုံရွာက တောင်သူတွေဟာ မြေယာလျော်ကြေး မယူထားဘဲ ကြေးနီ စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာ ဆည်တည်း၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ကျေးရွာတွေ မှာ မြေယာလျော်ကြေး ရယူထားခြင်းမရှိဘဲ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း ၁၉၀၀ လောက် ရှိတယ်လို့ သိရပါတယ်။