လက်ပံတောင်းမှာ ယမ်းဖောက်ခွဲမှု စည်းကမ်းချက်ထုတ်ပြန်

ဦးပိုင်နဲ့ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ယမ်းဖေါက်ခွဲတာတွေကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ခဲ့တဲ့အတွက် အဲဒီလိုဖေါက်ခွဲတဲ့အခါ ပြည်သူတွေမထိခိုက်အောင် ကုမ္ပဏီဘက်ကလိုက်နာရမယ့် စည်းကမ်းတချို့ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက လက်မှတ်ထိုးပြီး ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။

စည်းကမ်းချက်ထဲမှာ ယမ်းဖေါက်ခွဲတာကို နေ့လည် ၃ နာရီကနေ ၃ နာရီခွဲအတွင်း သတ်မှတ်ထားပြီး၊ အဲဒီအချိန်မှာ ပြည်သူတွေအနေနဲ့ အဲဒီဧရိယာအတွင်း ထင်းဝင်ခုတ်တာ၊ တိရိစ္ဆာန်လွှတ်ကျောင်းတာတွေကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် ယမ်းမခွဲခင် ၁၅ မိနစ်အလိုမှာ ပထမအကြိမ် သံရှည်ဥသြ ၂ ကြိမ်ဆွဲဖို့၊ ယမ်းခွဲကာနီးမှာ ဒုတိယအကြိမ် သံတို ၂ ကြိမ်ဆွဲဖို့နဲ့ ယမ်းခွဲပြီးရင် သံရှည်ဥသြတစ်ကြိမ်ဆွဲဖို့ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ လိပ်ခွံတောင်ဘက်မှာ မြေယာလျော်ကြေး ယူမထားတဲ့လယ်တွေကို ကုမ္ပဏီတွေဘက်က ရဲတပ်ဖွဲ့တွေရဲ့ အစောင့်အရှောက်နဲ့ ခြံစည်းရိုးဆက်လက်ကာနေတာကြောင့် မြေပိုင်ရှင်လယ်သမားတွေရော ကျန်ရွာသားတွေကပါ တားမြစ်ကြတဲ့အတွက် နှစ်ဘက်ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တုံအလယ်ရွာသူတစ်ယောက်က RFA ကို အခုလို ပြောပါတယ်။

“မြေယာလျော်ကြေးမယူတဲ့ အကွက်တွေကို သူတို့တွေက ဘူဒိုဇာတွေနဲ့ ထိုးနေတယ်၊ မနေ့ကလည်း ပြဿနာဖြစ်တယ်၊ ဒီနေ့လည်း ဒေသခံတွေစုပြီးတော့ သွားတားတယ်၊ ဒီနေ့က သူတို့ဘက်ကလည်း အင်အားများများနဲ့ တားထားတယ်၊ ကျမတို့ ဒေသခံတွေကလည်း အေးအေးဆေးဆေးပဲ တားနေတယ်”

ယမ်းဖေါက်ခွဲချိန်မှာ ကုမ္ပဏီနဲ့ ပြည်သူတွေဘက်က လိုက်နာရမယ်လို့ ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေကိုတော့ သူတို့မသိသေးဘူးလို့ အဲဒီတုံအလယ်ရွာသူ အမျိုးသမီးက ဆက်ပြောပါတယ်။

ကုမ္ပဏီကပေးတဲ့ မြေယာလျော်ကြေးယူမထားသူ လယ်သမားက ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ရွာသားတွေဘက်က ပြောနေကြပါတယ်။