လက်ပံတောင်းမှာ သာသနာ့အဆောက်အဦးတွေ မထိခိုက်စေရေး တောင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်နဲ့ သာသနိကအဆောက်အဦးတွေကို မပျက်မစီးဘဲ ပြောင်းရွှေ့နိုင်ရေးအတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးစေလိုကြောင်း လယ်တီသိမ်နဲ့သာသနိက ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ MJN မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လယ်တီသိမ်နဲ့ သာသနိက ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုစည်သူက အခုလိုပြောပါတယ်။

“သိမ်က ကျွန်းတစ်ကျွန်းပေါ်မှာ တင်ထားသလိုဖြစ်နေတယ်၊ မိုင်းခွဲတဲ့ဒဏ်ကြောင့် ဒီသိမ်ကပြိုပျက်သွားနိုင်တယ်၊ စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီးနဲ့ လျှပ်စစ်ဝန်ကြီးက ကတိပေးထားရဲ့ သားနဲ့ ဒီဟာကြီးပြိုသွားရင် ဖြစ်လာတဲ့ အကျိုးဆက်တွေ အခုသံဃာအပိုင်းက တောင်းဆိုမှုတွေရှိတယ်၊ ကျနော်တို့ပြည်သူတွေရှိတယ်၊ ဒေသခံတွေတောင်းဆိုမှုတွေကြောင့် ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေက စစ်ကိုင်းတိုင်း သာသာရေးဝန်ကြီးနဲ့ လျှပ်စစ်ဝန်ကြီးမှာ တာဝန်ရှိတယ်ဆိုတာကို ကျနော်တို့သိစေချင်လို့ ဒီကနေ့လုပ်တယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့က လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော်ကြီးရဲ့ သာသနိကအဆောက်အဦးတွေ မူလအတိုင်းထားရှိရေးတောင်းဆိုချက်နဲ့ မန္တလေးမြို့ကနေ စစ်ကိုင်းမြို့ကို လမ်းလျှောက်ဆန္ဒပြရာမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် သာသနာရေးဝန်ကြီး ဦးတင်ဝင်းနဲ့ သဘောတူညီချက်လေးခု ရရှိခဲ့ပါတယ်။

အဲဒီသဘောတူညီချက်လေးခုထဲမှာ လယ်တီဆရာတော်ရဲ့ သာသနိကအဆောက်အဦးတွေ မပျက်စီးစေရဘဲ ပြောင်းရွှေ့ရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။

လယ်တီဆရာတော်ကျောင်းတည်ရှိတဲ့နေရာဟာ ကြေးနီစီမံကိန်းရဲ့ ဗဟိုလောက်မှာရှိတဲ့အတွက် မိုင်းခွဲတဲ့ သက်ရောက်မှုကြောင့် သာသနိကအဆောက်အဦးတွေ ထိခိုက်မှုရှိမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ့်ကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့ အကြောင်း ပြည်သူတွေရဲ့တင်ပြချက်တွေ စုစည်းထားတဲ့ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို စစ်ကိုင်းတိုင်း ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အကောင်အထည်ဖော်ရေးကော်မတီ ကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။

မြေယာလျော်ကြေးလက်မခံတဲ့ လယ်သမားတွေအတွက် လျော်ကြေးငွေကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ထားရှိမယ်ဆိုတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအကြံပြုချက်နဲ့ မကိုက်ညီတဲ့အတွက် ဒေသခံတွေရဲ့သဘောထားကို ဦးစားပေးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတယ်လို့ ဒေါ်ခင်စန်းလှိုင်က RFA ကို ပြောပါတယ်။

“အဓိက ကျမပြောချင်တာကတော့ ဒီမြေယာလျော်ကြေးမယူတဲ့ လယ်သမားတွေအပေါ်မှာ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီးတော့မှ မယူလို့ရှိရင် ဒေသဖွံ့ဖြိုးရေးအတွက် ပြန်သုံးမယ်ဆိုတဲ့ကိစ္စကို ကျမက ကော်မရှင်ရဲ့အစီရင်ခံစာမှာ ဒီအချက်တွေမပါဘူး၊ မပါဘဲနဲ့ အကောင်အထည်ဖော်တဲ့ကော်မတီ အနေနဲ့ ဒီလိုပြောဆိုနေခြင်းဟာ အစီရင်ခံစာကို ဖောက်ဖျက်ရာရောက်တယ်၊ ဘာကြောင့်လဲဆိုတော့ အကောင်အထည်ဖော်တဲ့ကော်မတီသည် ဒီအစီရင်ခံစာမှာပါတဲ့အတိုင်းပဲ ဆောင်ရွက်ဖို့ရာအတွက် ပေါ်ပေါက် လာတဲ့ကော်မတီတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့် ဒီအစီရင်ခံစာအပေါ်မှာ လေးစားလိုက်နာမှုရှိရမယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်အလက်တွေအတိုင်းပဲ ဒါတွေကိုဒေသခံများအတွက် ဆောင်ရွက်ပေးရမယ်ဆို တဲ့အကြောင်း ကျမပြောပြတယ်”

ဒ့ါအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် ကော်မတီက အကောင်အထည်ဖေါ်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေထဲက မလုပ်ဆောင်ရသေးတာတွေကို အချက် ၁၃ နဲ့ သုံးသပ်တင်ပြထားတယ်လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အဲဒီထဲမှာ ဒေသခံတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်း၊ အခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်း၊ အက်ဆစ်စက်ရုံကို နိုင်ငံတကာ အသိအမှတ်ပြုရအောင် မဆောင်ရွက်ရသေးခြင်း၊ ဒေသခံတွေနဲ့ ပဋိပက္ခမကြေမလည် ဆက်လက်ဖြစ်နေခြင်း စတာတွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒါတွေအားလုံးဟာ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ သဘောထားမဟုတ်ဘဲ ဒေသခံတွေရဲ့ ဆန္ဒအရ ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။