လက်ပံတောင်းတောင်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့က စနစ်တကျ အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိတဲ့အပေါ် လက်ပံတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ်ရေးအဖွဲ့က ဒီကနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဟာ စုံစမ်းရေး ကော်မရှင်က တင်ပြထားတဲ့အချက်တွေကို အပေါ်ယံ ဆောင်ရွက်ပေးခြင်းမျိုးသာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ထုတ်ပြန်တဲ့ကြေညာချက်မှာ အချက် ၈-ချက်ဖော်ပြထားပြီး တုံရွာက ကိုမင်းထွန်းက ခုလိုပြောပြပါတယ်။
"မြေတွေကို ဒေသပေါက်ဈေးနဲ့ အညီပေးရမယ်ဗျာ၊ အဲလိုပေးတဲ့အခါ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုံးဝမလုပ်ရဘူး၊ ဒေသခံတောင်သူတွေကို သွားလို့လာလို့လွယ်ကူတဲ့နေရာ၊ စိုက်ပျိုးလို့ဖြစ်မယ့် မြေကောင်းတဲ့နေရာမှာ အစားထိုးပေးတာတွေကို ပြုလုပ်ရမယ်ဗျာ၊ နောက်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ISO တို့လို လက်မှတ် ၃ စောင်မရမခြင်း ဒီပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာရုပ်သိမ်းပေးရမယ်၊ နောက်စာချုပ်အသစ်တွေကို ပြည်သူ့ဆန္ဒကို အလေးထားပြီးမှ ချုပ်ဆိုပေးရမယ်"
တစ်ဆက်တည်း ခွင့်ပြုချက်မရဘဲ ဆက်လက် လည်ပတ်နေတဲ့ မိုးကြိုး ဆာဖြူရစ် ငရဲမီးစက်ရုံကို ပိတ်သိမ်းပြီး အရေးယူပေးရန်၊ ဒေသတွင်းမှာရှိတဲ့ သာသနိက အဆောက်အဦၤးများကို မူရင်း ပုံစံမပျက် ရွှေ့ပြောင်းပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တဖက်သတ် ဆောင်ရွက်လုပ်ကိုင်နေတာတွေကို လွှတ်တော်မှာ ဆွေးနွေးပြီး ဖြေရှင်းပေးရန်စသဖြင့် တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ လာမဲ့ ဇူလိုင်လ ၁၆ရက်နေ့မှာ မုံရွာမြို့မှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်လည်း တင်ပြတောင်းခံထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံရွာက ကိုမင်းထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။