လက်ပံတောင်းဒေသမှာ ဒေသခံ ၄၀၀ ကျော် ဆန္ဒပြ


2013.05.08
lepadaung-copper-mine-protest-b305 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံပြည်သူ များ တောင်းဆိုဆန္ဒပြနေကြစဉ်
RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ် တုံရွာထိပ်ကနေ ဦးပိုင်ကုမ္ပဏီရှိရာ ညောင် ပင်ကြီး စက်လှေဆိပ်အထိ ဒီကနေ့နေ့လည်ပိုင်းက ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာဖြစ်ပြီး တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာတွေက  ဒေသခံတွေ စုပေါင်းဆန္ဒပြတာပါ။

ဒီတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံရွာနေ ကိုအောင်သန်းမျိုးက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်စဲရေးပေ့ါ၊ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ထားတဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ၃ ယောက်ကို ပြန်လည်လွှတ်ပေးဖို့ရယ် အဲဒါတွေကို တောင်းဆိုထားတယ်ခင်ဗျ၊ အာဏာပိုင်တွေဘက်က ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘေးကနေပြီးတော့ လိုက်ပါစောင့်ကြည့်တယ်၊ ပိတ်ပင်တားဆီးခြင်းမရှိပါဘူး၊၊ "

ဆန္ဒပြတောင်းဆိုရာမှာ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချက်ကို ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့၊ တောင်သူလယ်သမားတွေကို ထွန်ယက် စိုက်ပျိုးခွင့် ပြန်လည်ပေးအပ်ဖို့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက်တိုက်ပွဲဝင်နေ တဲ့ ဒေသခံတွေကိုကူညီပေးနေသူတွေထဲကအဖမ်းခံထားရတဲ့သူ၃ဦးကို ပြန်လွှတ်ပေးဖို့စတဲ့ တောင်းဆိုချက်တွေ နဲ့ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

ဒေသခံတွေအနေနဲ့ ဆန္ဒပြတောင်းဆိုထားချက်တွေကို အာဏာပိုင်တွေဖက်က လိုက်လျောဆောင်ရွက်ပေးလာတဲ့အထိ ဆက်လက်ဆန္ဒပြသွားကြမယ်လို့ပြောပါတယ်။

အခုမေလ ၁ ရက်နေ့ကလည်း ဖမ်းဆီးခံထားရသူ ၃ ဦးကို တွေ့ဆုံခွင့်ပေးဖို့ ဒေသခံ၂၀ လောက်က မုံရွာအကျဉ်းထောင်ရှေ့မှာ  သွားရောက်တောင်းဆိုခဲ့ကြပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။