လက်ပံတောင်းအကြမ်းဖက်မှု စုံစမ်းလေ့လာချက် ဒေါ်အောင် ဆန်းစုကြည်ထံ တင်ပြ


2014.12.26
lpt-people-305.jpg လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: Kyaw Zaw Win/ RFA

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီ မံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာတွေ့ရှိခဲ့ရတာတွေကို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အကြမ်းဖက် မှုတွေကို လေ့လာစုံစမ်းပြီး တင်ပြလိုက်တာ လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

"နေ့လယ် ၁ နာရီခွဲလောက်ကပဲ ဒေါ်အောင်ဆန်း စုကြည်ဆီကို ကျမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အ ပျက်တွေ အားလုံးကို အစီရင်ခံစာတင်လိုက်ပါပြီ၊ ကျမက ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျမပါတီရဲ့ ဥက္ကဌတစ်ယောက်ကို ကျမအနေနဲ့ ဒါကိုအကြောင်းကြားတာပါ၊ ဘာကြောင့်လဲဆိုတော့ ပါတီဥက္ကဌကနေပြီးတော့ တာဝန်ပေးချက်အရ ကျမတို့က ဒီအခုဖြစ်ပျက်တဲ့ အခြေအနေတွေကို လေ့လာဖို့ရာအတွက် လာရတာဖြစ်တဲ့အတွက်ကြောင့် ကျမလေ့လာ သိရှိစုံစမ်းရတဲ့ အချက်တွေအားလုံးကို တင်လိုက်တာပါ"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာလျော်ကြေးမယူ ထားတဲ့ လယ်ပိုင်ရှင်တွေရဲ့ မြေတွေအပေါ် ဝမ်ပေါင်ကုမ္ပဏီဖက်က သူတို့ရဲ့ ကြေးနီစီမံကိန်းဧရိယာလို့ သတ်မှတ်ကာ ခြံစည်းရိုးခတ်ခဲ့ပါတယ်။

အဲဒီစီမံကိန်းနေရာမှာ လုံခြုံရေးယူပေးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပြီး မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေဟာလည်း မုံရွာဆေးရုံမှာ အခုချိန်ထိ ဆေးကုသခံနေကြရပါတယ်။

ဒီအတောအတွင်း ဒေါ်ခင်ဝင်း အသတ်ခံရမှုကိုစုံစမ်းဖော်ထုတ်ပြီး အရေးယူပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မှာ ဒေသခံ ၅ဝ လောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတွေအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ က စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ဖွဲ့စည်းပေးထားခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွ့ံ့ဖြိုးရေးပညာရှင်တစ်ဦးဖြစ်သူ Eco-Dev အဖွဲ့အကြီးအကဲ ဦးဝင်းမျိုးသူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။